နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၇) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နာဂစ်မုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ မိုခါနှင့် တိုင်ဖွန်းမုန်တိုင်း ရာဂီကဲ့သို့ သဘာဝဘေးအန္တရာယ်သာမက ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါကျရောက်ချိန်များမှာပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်ပေးခဲ့ကြခြင်းကို မီဒီယာများတွင် တွေ့မြင်ရပါကြောင်း၊ ထိုကဲ့သို့အစီအစဉ်ကောင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို အများသိအောင် အသိပညာပေးရာတွင် ကြက်ခြေနီအနေဖြင့် ပါဝင်ပေးကြရန် အခွင့်ကြုံတုန်း တိုက်တွန်းမှာကြားလိုပါကြောင်း။
ယနေ့အစည်းအဝေးတွင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် ထိရောက်မှုပိုရှိမည့် အကြံဉာဏ်များကို ထည့်သွင်းစဉ်းစားပေးကြရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် မျိုးဆက်သစ်ကြက်ခြေနီလူငယ်များ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်အောင် မည်သို့လေ့ကျင့်ပေးသင့်သည်ဆိုသော အစီအစဉ်များကို ထည့်သွင်းစဉ်းစားပေးကြရန် လေးလေးနက်နက်မှာကြားလိုပါကြောင်း ပြောကြားသည်။
မှတ်တမ်းဗီဒီယိုကို ပြသ
ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က အသင်း၏ လူမှုကရုဏာ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး (၈၇) ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
(၈၇) ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်