နေပြည်တော် ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid System ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခင်ကလက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းကို ဝါဏိဇ္ဇဗေဒပညာဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိခဲ့ရာမှ ယခုအချိန်တွင် စာရင်းကိုင်ပညာဘွဲ့၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာဘွဲ့၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ) နှင့် ဒီပလိုမာစာရင်းကိုင် စသည့်ဘွဲ့ရများကိုလည်း တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ခွင့်ပြုပေးခဲ့ပါကြောင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် အရေအတွက်သာမက အရည်အချင်းပြည့်မီသူများကိုသာ မွေးထုတ်ပေးသည့်သင်တန်းဖြစ်၍ ဇွဲ၊ လုံ့လ၊ ဝီရိယ မလျှော့ဘဲ လေ့လာသင်ယူမှသာ ခရီးဆုံးပန်းတိုင်ကိုရောက်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာရင်းပညာ နယ်ပယ်သည် စဉ်ဆက်မပြတ်ပြောင်းလဲနေသည့်အတွက် တိုးတက်ပြောင်းလဲမှုများကို အမြဲမပြတ်လေ့လာခြင်းဖြင့် မိမိ၏စာရင်းပညာ အရည်အသွေးများ တိုးတက်နေမည်ဖြစ်၍ နိုင်ငံတကာနှင့်ယှဉ်နိုင်မည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်မှသင်တန်းသား ၂၅ ဦး၊ ရန်ကုန်မှ ၆၂ ဦး စုစုပေါင်း ၈၇ ဦးကို သင်ကြားပို့ချပေးခဲ့ပြီး ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတွင် တက်ရောက်သူ ၄၇ ဦး၊ ကိုယ်တိုင် လေ့လာဖြေဆိုမည့်သူ ၇၇၁ ဦး စုစုပေါင်း ၉၀၅ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်း ကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဌ (၂) ဦးဝမ်းတင်၊ ကောင်စီဝင်များနှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်