ဒေါ်ခင်ချမ်းမြေ့သူ
နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသ၏အထင်ကရ နေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန် များကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ MSME လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများနှင့် ဆုရရှိသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -
ဒေါ်ခင်ချမ်းမြေ့သူ(ရန်ကုန်တိုင်းဒေသကြီး)
အသေးစားစက်မှုလုပ်ငန်း စံပြထုတ်ကုန်ဆု
ကျွန်မကတော့ ချမ်းလူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းက သဘာဝအခြေခံထုတ်ကုန်တစ်ခုဖြစ်တဲ့ ချမ်းယူကလစ်ရှူလိမ်းဆီနဲ့ MSME ထုတ်ကုန်ပြပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အသေးစားစက်မှု လုပ်ငန်း စံပြထုတ်ကုန်ဆုရရှိခဲ့တာဖြစ်ပါတယ်။ ချမ်းလူသုံးကုန်ပစ္စည်းတွေထဲမှာ ခေါင်းလျှော်ရည် သုံးမျိုး၊ သစ်ခေါက်စုံသနပ်ခါး၊ ယူကလစ် ရှူလိမ်းဆီ၊ ဆံပင်ပေါက်ဗောက်ပျောက်ဆီ၊ ဆံပင်သန်ခရင်မ်နဲ့ Body Lotion ခြောက်မျိုးထုတ်လုပ်ပြသရောင်းချပေးထားပါတယ်။ ဒီပစ္စည်း တွေထဲမှာ သဘာဝအုန်းဆီ၊ ကမ်းဇော်ဆီ၊ ယူကလစ်ဆီ၊ မုန်ညင်းဆီ၊ ကြက်ဆူဆီ၊ မန်ကျည်းသီး၊ သခွားသီး၊ မုန်လာဥနီ၊ ချင်းစတဲ့သဘာဝ ထုတ်ကုန်တွေနဲ့ အဆီအနှစ်တွေကို အသုံးပြုပြီးတော့ ၁၀၀ ရာခိုင်နှုန်း သဘာဝထုတ်ကုန်နဲ့ ၉၉ ရာခိုင်နှုန်း သဘာဝထုတ်ကုန်ဆိုပြီး စုစုပေါင်းထုတ်ကုန် ၁၆ မျိုးနဲ့ အခုလကုန်မှာ အသစ်နှစ်မျိုး စုစုပေါင်း ၁၈ မျိုး ထုတ်လုပ်ထားပါတယ်။ အခုဒီ MSME ပြိုင်ပွဲမှာတော့ ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ်ဖြစ်တဲ့ ချမ်းတံဆိပ်ယူကလစ်သဘာဝရှူလိမ်းဆီနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်းတွေအားလုံးကိုလည်း မျက်နှာတွေ၊ ဆံပင်ဦးရေပြားတွေအထိ လိမ်းလို့ရအောင် ဓာတုဘေးကင်းလုံခြုံမှု စစ်ဆေးတာအပြင် မာကျူရီကင်းရှင်းမှုစစ်ဆေး တာတွေပါလုပ်ထားပြီး ဈေးကွက်မှာ ဖြန့်နေပြီဖြစ်တဲ့အတွက် ကိုယ့် မြန်မာပြည်တွင်းဖြစ် သဘာဝထုတ်ကုန်တွေကို ပြည်ပအစားထိုး ထုတ်ကုန်အနေနဲ့ ဂုဏ်ယူစွာနဲ့သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ကိုသူရိန်ဝင်း၊ မယွန်းပိုးအိမ် (ဘဏ်များပြခန်း)
မြန်မာနိုင်ငံသားများဘဏ် (နေပြည်တော်)
ကျွန်တော်တို့ မြန်မာနိုင်ငံသားများဘဏ် (MCB)ကနေ အခု MSME ပြခန်းမှာတော့ အသေးစား၊ အငယ်စား၊ အလတ်စား SME လုပ်ငန်းတွေအတွက် လိုအပ်တဲ့ချေးငွေတွေကို လျှောက်ထားနိုင်ဖို့ လာရောက်ဝန်ဆောင်မှုပေးတာပါ။ လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်ဆွေးနွေးပြီး ချေးငွေလိုအပ်မှုရှိတယ်ဆိုရင် ကျွန်တော်တို့ဘဏ်ဘက်ကနေ SME ချေးငွေနဲ့ JICA ချေးငွေတွေ ကို ထုတ်ချေးပေးပါတယ်။ MSME ချေးငွေကို သွင်းကုန်အစားထိုးဖို့နဲ့ ပို့ကုန်တန်ဖိုးမြှင့်တင်နိုင်ဖို့အတွက် ဒေသထွက်ကုန်တွေကို အခြေခံပြီးတော့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီနိုင်ဖို့အတွက် ချေးငွေ သက်တမ်းတစ်နှစ်ကနေ သုံးနှစ်အထိ ရွေးချယ်နိုင်တယ်။ အဆောက်အအုံ၊ စက်ရုံ၊ စက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့အတွက် လုပ်ငန်းအရွယ်အစားအလိုက် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ဘဏ်နဲ့ အစိုးရချိတ်ဆက် ပြီးတော့ နှစ်ဆင့်ချေးငွေ(Two Step Loan) အနေနဲ့ ချေးငွေထုတ်ချေးပေးနေပါတယ်။ အတိုးနှုန်းအနေနဲ့ တစ်နှစ်မှာ Working Capital Loan အတွက် ၄ ရာခိုင်နှုန်း၊ Fixed Capital Loan အတွက် ၃ ရာခိုင်နှုန်းပဲ ရှိတဲ့အတွက် အတိုးနှုန်းလည်း သက်သာပါတယ်။ JICA SME ချေးငွေ အနေနဲ့ဆိုရင်လည်း ချေးငွေသက်တမ်း သုံးနှစ်ကနေ ငါးနှစ်အထိရွေးချယ်နိုင်တယ်။ SME လုပ်ငန်းတွေအတွက် အဆောက်အအုံ၊ စက်ရုံ၊ ဂိုဒေါင်တွေဆောက်လုပ်ဖို့၊ လုပ်ငန်းသုံးပစ္စည်းတွေဝယ်ဖို့နဲ့ အခြား သောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် လုပ်ငန်းအရွယ်အစားအလိုက် ကျပ်သိန်းပေါင်း ၅၀၀၀ အထိ အများဆုံးထုတ်ချေးနိုင်ပါတယ်။
ကိုရဲလင်းအောင်(မကွေးတိုင်းဒေသကြီး)
ဒေသတစ်ခုထုတ်ကုန်တစ်ခုအကောင်းဆုံးဆု
ကျွန်တော့် စူပါမင်းဆီစက်လုပ်ငန်းက မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ဖြစ်တဲ့ စူပါမင်းမြေပဲ ဆီ၊ နှမ်းဆီနဲ့ MSME ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ ၂၀၁၆ ခုနှစ်က လုပ်ငန်းစတင်တည်ထောင်ချိန်ကစပြီး တစ်နှစ်ပြီး တစ်နှစ်တော့ တိုးတက်လာပါတယ်။ အခုလိုပြပွဲတွေမှာတော့ တော်တော်များများ ဝင်ရောက်ပြသရောင်းချဖူးပါတယ်။ တိုင်းဒေသကြီးအဆင့် MSME ပြပွဲတွေနဲ့ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းပြပွဲတွေမှာ ပြသဖူးပါတယ်။ ပြိုင်ပွဲဝင်တာနဲ့ ပြည်ထောင်စုအဆင့်ပြပွဲမှာ ပါဝင်တာကိုတော့ ဒီနှစ်မှပထမဆုံးပါ။ အခုလို ပြပွဲပြိုင်ပွဲတွေမှာ ဝင်ရောက်ပြသတဲ့အတွက် ကိုယ့်ထုတ်ကုန်ပစ္စည်းရဲ့ အားသာချက် အားနည်းချက်တွေကို လည်း သိရှိလာနိုင်ပါတယ်။ အခုပြပွဲမှာလည်း ဈေးကွက်ချိတ်ဆက်မှုအနေနဲ့ ကုန်တိုက်နှစ်ခုမှာ စူပါမင်းမြေပဲဆီ၊ နှမ်းဆီတွေကို တင်နိုင်ဖို့အတွက် လာရောက်ညှိနှိုင်းဆွေးနွေးထားပါတယ်။ အခြားသောလက်လီ၊ လက်ကားဝယ်ပြီးရောင်းချချင်တဲ့ ဝယ်သူတွေလည်းပိုပြီးတော့ လာရောက်ချိတ်ဆက်တဲ့သူတွေ အများကြီးရှိပါတယ်။ စူပါမင်းဆီကိုလည်း ကြိုက်ကြတယ်ဆိုတော့လည်း ပီတိဖြစ်ပါတယ်။
မသဲဆုသဉ္ဇာဗိုလ် (ရှမ်းပြည်နယ်)
ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်းဆုံးဆု
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့မှ မြန်မာနိုင်ငံရဲ့ပထမဆုံး Shan Orchard Myanmar ထောပတ်သီးဆီစက်ရုံကို စတင်တည်ထောင် ခဲ့တဲ့သူဖြစ်ပါတယ်။ ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ အကောင်းဆုံးဆုရခဲ့တဲ့အတွက်တော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ တကယ်တော့ဆုရဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မရဲ့လာပြိုင်ရတဲ့ ရည်ရွယ်ချက်က စိုက်ပျိုးရေး ကဏ္ဍမှာ လူငယ်လုပ်ငန်းရှင်တွေပေါ်ထွက်လာဖို့ ရည်ရွယ်ပြီးတော့ လူငယ်အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် စိုက်ပျိုးရေးကဏ္ဍမှာ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လို့ရတယ်ဆိုတာမျိုးပြချင်တဲ့အတွက် ဒီလိုမျိုးပြိုင်ပွဲဝင်ခြင်းဖြစ်ပါတယ်။ အခုလိုမျိုး ထောပတ်သီးကနေ ဆီထုတ်ယူဖို့အတွက် စိတ်ကူးကို ၂၀၁၇ ခုနှစ်ကတည်းက စိတ်ကူးရှိခဲ့တာပါ။ တကယ်စတင်ပြီး စက်လည်ပတ်နိုင်ခဲ့တာကတော့ ၂၀၂၂ ခုနှစ်ကျမှ စပြီးလည်ပတ်နိုင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်မှာ စီးပွားဖြစ် စထုတ်နိုင်ခဲ့ပါတယ်။ SME ပြပွဲကတော့ တော်တော်များများ ဝင်ပြီးပြခဲ့ဖူးပါတယ်။
မထုံဖူးနင်ဌေး(ကချင်ပြည်နယ်)
ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်းဆုံးဆု
ကျွန်မကတော့ ကချင်ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ ကဆန်ထီစားသောက်ကုန်လုပ်ငန်းက ဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ ကချင်ပြည်နယ်မှာထွက်တဲ့ သစ်ကြားသီး၊ ပူတာအိုဒေသထွက် စိုက်ပျိုးသီးနှံ ဂရိတ်ဖရုသီးနဲ့ ကျောက်ဆောင်ပျားရည်ကို တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်ပါတယ်။ အခုလိုမျိုး ဒေသတစ်ခုထုတ်ကုန်တစ်မျိုး အကောင်းဆုံးဆုရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီလုပ်ငန်းကို ၂၀၁၇ ခုနှစ်ကစတင်ဖို့ စိတ်ကူးခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာပါ။ ကျွန်မတို့ထုတ်ကုန်တွေကတော့ ပြည်တွင်းဈေးကွက်မှာတော့ တော်တော်လေးရောက်နေပါပြီ။ အခုလို မျိုးပြပွဲပြိုင်ပွဲတွေလုပ်နေတဲ့အတွက် အသေးစားလုပ်ငန်းတွေအတွက် အများကြီးအကျိုးရှိတယ်၊ ကချင်ပြည်နယ်က လုပ်ငန်းရှင်အနေနဲ့ တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေနဲ့ ဗဟုသုတဖလှယ်ခွင့်ရတဲ့အတွက် ကျွန်မတို့အတွက် တော်တော်လေးအတွေ့အကြုံကောင်းတွေရပါတယ်။ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ အကောင်းဆုံးဆုရတဲ့အတွက် တော်တော်လေး ဝမ်းသာပီတိဖြစ်မိပါတယ်။
ဦးတက်တိုးဝေ(မွန်ပြည်နယ်)
အငယ်စားစီးပွားရေးလုပ်ငန်း(အထူးဆု)
ကျွန်တော်တို့ ထူးစက်မှုလက်မှုလုပ်ငန်းအနေနဲ့ လယ်ယာသုံးစက်မှုလက်မှုအပိုပစ္စည်းလုပ်ငန်းနဲ့ ကောက်စိုက်စက်ထုတ်လုပ်မှုလုပ်ငန်းနဲ့ အငယ်စားစီးပွားရေးလုပ်ငန်း အထူးဆုရရှိခဲ့တာပါ။ လယ်ယာသုံး လုပ်ငန်းတွေ စပြီးမထုတ်ခင်တုန်းက စက်မှုလက်မှုအပိုပစ္စည်းတွေ ထုတ်လုပ်တာပါ။ အဲဒီကနေ မွန်ပြည်နယ်မှာ တခြားကလယ်ယာသုံး ပစ္စည်းတွေ ဝယ်ယူနေရတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ လယ်ယာသုံးပစ္စည်းတွေစထုတ်ဖြစ်တာပါ။ အဓိကထုတ်လုပ်တဲ့ ပစ္စည်းတွေကတော့ ကားပစ္စည်းတွေ ပင်နယန်၊ ဂီယာဘောက်အပိုပစ္စည်းတွေထုတ်ဖြစ်ပါတယ်။ အခုလိုမျိုး ပြပွဲတွေကျင်းပပေးတာကတော့ အချင်းချင်းဆက်စပ်မှုတွေရှိလာတာကြောင့် အမြင်ပိုကျယ်လာတယ်။ အခုလိုမျိုး ပြပွဲပြိုင်ပွဲတွေကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ဒေါ်မေဖူးပွင့်စိုး
ဥက္ကဋ္ဌ၊ နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်-ILU (နေပြည်တော်)
ကျွန်မတို့အနေနဲ့ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေ ၈၇ ဦးနဲ့ လာရောက်လေ့လာတာဖြစ်ပါတယ်။ ပြပွဲက Digital Corner ကိုလည်း လေ့လာခဲ့ပါတယ်။ နေပြည်တော် ပိုလီတက်ကနစ်ရဲ့ ပြခန်းကို လေ့လာခဲ့သလို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့ ပြခန်းကိုလည်း လေ့လာခဲ့ပါတယ်။
ဒီလို လေ့လာခွင့်ရတဲ့အခါမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းရဲ့ နည်းပညာတွေကို သိခဲ့ရပါတယ်။ MSME ဆိုတာဘာလဲ၊ MSME ရဲ့ Role တွေက ဘာတွေရှိသလဲ၊ MSMEက Digital စနစ်နဲ့ ဘယ်လိုချိတ်ဆက် ထားသလဲဆိုတာတွေ သိခဲ့ရသလို မြန်မာနိုင်ငံက လူငယ်တွေအတွက် နည်းပညာအပိုင်းမှာ ဘာတွေလိုအပ်နေသလဲဆိုတာတွေ သိခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ e - Government ကို လျှောက်လှမ်းတဲ့အခါ၊ Digital အသွင်ကူးပြောင်းဖို့ လုပ်နေတဲ့အချိန်မှာ အခုလိုမျိုးပြပွဲတွေက အင်မတန်အရေးကြီးပါတယ်။ အခု ဒီပြပွဲကနေ MSME လုပ်ငန်းတွေကိုတွေ့ရတယ်၊ အစိုးရတက္ကသိုလ်တွေရဲ့ နည်းပညာတွေကိုလည်း မြင်ရတယ်။ ဒီလိုလုပ်ငန်းတွေ၊ ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ တွေ့ခွင့်ရခဲ့ပါတယ်။ အကျိုးကျေးဇူးများတဲ့အတွက် ဒီလိုမျိုးပြပွဲမျိုးကို နှစ်စဉ်ကျင်းပတာမျိုး၊ တစ်နှစ်မှာတစ်ကြိမ်၊ နှစ်ကြိမ်လုပ်တာမျိုး လုပ်သင့်ပါတယ်။ ပြပွဲလုပ်တဲ့အခါမှာလည်း အနည်းဆုံးတစ်ပတ်လောက် ကျင်းပပေးနိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ- ဇော်ဘီ