Skip to main content

တောင်သူတွေအနေနဲ့ လယ်ယာထွက်ကုန်အကြွင်းအကျန်တွေကို အသုံးပြုပြီး သဘာဝမြေဆွေးတွေ အလွယ်တကူကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် လေပေးပြီးတော့ ဆွေးမြည့်စေတဲ့ သဘာဝမြေဆွေးကန် ပုံစံငယ်ကိုလည်း ပြခန်းမှာပြသထားတာမို့ လာရောက်လေ့လာပါလို့ ဖိတ်ခေါ်ချင်ပါတယ်

ဦးကျော်စိုး (ညွှန်ကြားရေးမှူး)

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပြခန်းပြသပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော နည်းပညာ၊ အသိပညာများ ဆွေးနွေးဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်-

ဦးအောင်ကျော်သက်

ဒုတိယညွှန်ကြားရေးမှူး

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန

(ရေအရင်းအမြစ်)

အခု ပြပွဲမှာကျွန်တော်တို့ ဌာနအနေနဲ့ တောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေရေရရှိဖို့အတွက် ဆောင်ရွက်တဲ့ဆိုလာစနစ်နဲ့ ရေတင်စိုက်ပျိုးနိုင်မယ့် ရေစုပ်စက်နဲ့ဆိုလာချပ်တွေကို သရုပ်ပြတပ်ဆင် ပြသထားပါတယ်။ အခုလို သရုပ်ပြတပ်ဆင် မောင်းနှင်တဲ့ ရေစုပ်စက်တွေကတော့ တောင်သူတွေ ကုန်ကျစရိတ်အနည်းဆုံးနဲ့ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ဌာနကနေ သုတေသနပြုစမ်းသပ် ထားတဲ့ရေစုပ်စက်နဲ့ ဆိုလာချပ်အတွဲတွေ ဖြစ်ပါတယ်။

ဒီလို ပြသတဲ့အဓိကရည်ရွယ် တာကတော့တောင်သူတွေ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက် ဆောင်ရွက်နိုင်ဖို့၊ ဆိုလာစနစ်သုံး ရေစုပ်စက်တွေကို အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေရယူ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စီစဉ် ဆောင်ရွက်ပေးတယ်ဆိုတာကို သိရှိစေလိုတာ ဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆိုလာစနစ်စိုက်ပျိုးရေ စက်ရေတွင်း တူးဖော်ခြင်း၊ တူးဖော်ပြီး စိုက်ပျိုးရေ စက်ရေတွင်းတွေကို ဆိုလာ စနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ မြစ်၊ ချောင်း၊ ကန်၊ မြောင်းတွေက ရေကိုဆိုလာစနစ်နဲ့ ရေတင်စိုက်ပျိုးခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါတယ်။ ချေးငွေပြန်လည် ပေးဆပ်ရမယ့်ကာလက တစ်နှစ်ခြောက်လဖြစ်ပါတယ်။ ပထမခြောက်လမှာ အရင်း ၃၀ ရာခိုင်နှုန်းနဲ့ အတိုး ၁ ရာခိုင်နှုန်း၊ ဒုတိယခြောက်လမှာ အရင်း ၃၀ ရာခိုင်နှုန်းနဲ့ အတိုး ၁ ရာခိုင်နှုန်း၊ တတိယခြောက်လမှာ အရင်း ၄၀ ရာခိုင်နှုန်းနဲ့ အတိုး ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေ ပထမအကြိမ် ငွေကျပ် ၆၀၄ ဒသမ ၂၀၀ သန်းနဲ့ ပြည်ထောင်စု နယ်မြေအပါအဝင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန် တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခုက စိုက်ပျိုးမြေ ၁၃၉၂ ဒသမ ၃၃ ဧကအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တောင်သူတွေအတွက် ဆက်လက်ဆောင်ရွက်သွားဖို့အတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။      

ဒေါက်တာမြင့်သိန်းဝင်း

ညွှန်ကြားရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ပြပွဲမှာ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP/GBP) တွေနဲ့အညီ မွေးမြူထားပြီးရရှိလာတဲ့တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ၊ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ တန်ဖိုးမြှင့်ပျားနဲ့ပျားထွက်ပစ္စည်း၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အသားနဲ့ အသားထွက်ပစ္စည်း၊ သားရေထုတ်ကုန်တွေနဲ့ တိရစ္ဆာန်ကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ သဘာဝမြေဩဇာတွေ၊ ပြည်တွင်းဖြစ် အရည်အသွေးမြင့်တိရစ္ဆာန် စပ်စာတွေကို ပြသထားပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ်တွေ၊ မွေးမြူရေးစာအုပ်တွေ၊ မွေးမြူရေး ပညာပေးလက်ကမ်းစာစောင်တွေနဲ့ မျိုးမြှင့် သားစပ်ကိရိယာတွေလည်း ထည့်သွင်းပြသထားပါတယ်။

ကျွန်တော်တို့ ဌာနအနေနဲ့ GAHP နဲ့အညီ မွေးမြူနိုင်ဖို့ SOPs တွေထုတ်ပြန်ခြင်း၊ သင်တန်းပေး ခြင်း၊ စည်းရုံးတိုက်တွန်းခြင်း၊ လိုက်နာဖို့ အကြံပြုခြင်းစတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်ရပါတယ်။ ပြီးတော့တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေရဲ့ အသားစံချိန်စံညွှန်းတွေကိုလည်း အမျိုးသားစံချိန်စံညွှန်းကောင်စီကို တင်ပြဆောင်ရွက်ခဲ့ပြီး စံချိန် စံညွှန်းလေးမျိုးကို အတည်ပြုထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ပြသထားပါတယ်။

ဦးဝင်းဦး

ညွှန်ကြားရေးမှူး

စိုက်ပျိုးရေးဦးစီးဌာန

ပြခန်းမှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက အထွက်ကောင်း အရည်အသွေးကောင်း စပ်မျိုးနေကြာ၊ နှမ်း၊ ပဲပုပ်နဲ့ ပြောင်း တို့ကိုပြသထားပါတယ်။ ပြီးတော့ အထူးအထွက်တိုးစပါး အောင်နိုင် တိုးစပါးမျိုး၊ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ ရေဆင်းပေါ်ဆန်း - ၁၊ ရေဆင်းပေါ်ဆန်း - ၂၊ ရေဆင်း အင်းမ - ၁ စပါးမျိုးများ၊ အထွက် ကောင်း အရည်အသွေးကောင်း တဲ့ ဝိုင်ကေကျူအာ-၀၁၊ ဝိုင်ကျူ အာ-၁၁ စပါးမျိုးတွေရဲ့ ဆန်ချောထုတ်ကုန်တွေကိုလည်း ပြသထားပါတယ်။

ပြီးတော့ သဘာဝမြေဩဇာ ထုတ်လုပ်မှုနည်းပညာပေးလုပ်ငန်းတွေ၊ သီးနှံကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ တမာပိုးသတ်ဆေးနဲ့ တမာကြိတ်ဖတ်မြေဩဇာ၊ ဥကပ်ပါးနကျယ် (နဂျီ)၊ ဝါသီးနှံနဲ့ ပိုးချည်ဆိုင်ရာနည်းပညာပေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရော်ဘာသီးနှံဆိုင်ရာ နည်းပညာပေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကော်ဖီသီးနှံဆိုင်ရာ နည်းပညာပေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ကဏ္ဍအလိုက် စုံစုံလင်လင်ပြထားပါတယ်။

ကျွန်တော်တို့ ဌာနအနေနဲ့ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ လိုက်နာကျင့်သုံးရေး နည်းပညာတွေကို စိုက်ပျိုးထုတ်လုပ်သူတွေ ဆီဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒီလုပ်ငန်းစဉ်လည်း ပြခန်းမှာပါရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ဌာနက အော်ဂဲနစ်စိုက်ပျိုးရေးအတွက် မြန်မာ့အော်ဂဲနစ် စံချိန်စံညွှန်းကို ထုတ်ပြန်ထားရှိပြီး ဖြစ်ပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း လေ့လာနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်တဲ့ နည်းပညာ၊ အသိပညာအားလုံးကို အခုပြခန်း မှာ စေ့စေ့စုံစုံ ပြသထားတာမို့ လာရောက် လေ့လာကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ ပြီးတော့ သိရှိလိုတာတွေကိုလည်း မေးမြန်းနိုင် ပါတယ်။

ဦးကျော်စိုး

ညွှန်ကြားရေးမှူး

စက်မှုလယ်ယာဦးစီးဌာန

ကျွန်တော်တို့ဝန်ကြီးဌာနပြခန်းမှာ စက်မှုလယ်ယာဦးစီးဌာနက အင်ဂျင်ပါဝါသုံး ခြောက်တန်းသွား လက်ဆွဲကောက်စိုက် စက်၊ လက်ဆွဲစပါးမျိုးစေ့ချကိရိယာ ရှစ်တန်း စတဲ့လယ်ယာသုံးစက် ကိရိယာတွေနဲ့ လေပေးသွင်းပြီး မြေဆွေးပြုလုပ်တဲ့ သဘာဝမြေဆွေးကန် ပုံစံငယ်ကို အဓိကပြသထားပါတယ်။ တောင်သူတွေ စပါးပျိုးရာမှာ နည်းစနစ်တကျ စိုက်ပျိုးနိုင်ဖို့နဲ့ လယ်ယာလုပ်သား ရှားပါးမှုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ လက်ဆွဲကောက်စိုက် စက်နဲ့လက်ဆွဲမျိုးစေ့ချ ကိရိယာတွေကို ကျွန်တော်တို့ဦးစီးဌာနက ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီလိုဌာနက ထုတ်လုပ်ထားတဲ့ လက်ဆွဲကောက်စိုက်စက် ဒီဇိုင်းကို ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ စက်မှုလုပ်ငန်း ရှင်တွေကို နည်းပညာ ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစက်တွေရဲ့ အစိတ်အပိုင်းတွေကိုလည်း ဌာနက ထုတ်လုပ်ပံ့ပိုးပေးခဲ့ပါတယ်။ အစိတ်အပိုင်း ၅၂၈ မျိုးပံ့ပိုးပေးခဲ့ပြီးဖြစ်ပါတယ်။ လက်ဆွဲ မျိုးစေ့ချကိရိယာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ အပ်နှံလာတဲ့အရေအတွက် အတိုင်းဌာနက ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရာမှာ စုစုပေါင်း ၁၄၃၉၃ ခု ကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့ လယ်ယာထွက်ကုန် အကြွင်းအကျန်တွေကို အသုံးပြုပြီး သဘာဝမြေဆွေးတွေ အလွယ်တကူ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် လေပေးပြီးတော့ဆွေးမြည့်စေတဲ့ သဘာဝမြေဆွေးကန် ပုံစံငယ်ကိုလည်း ပြခန်းမှာပြသထားတာမို့ လာရောက်လေ့လာပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ကောက်ရိုးတွေ၊ သစ်ရွက်စိမ်းတွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေကို အသုံးပြုပြီး သဘာဝမြေဆွေးတွေကို ထုတ်လုပ်နိုင်တဲ့နည်းပညာကို တောင်သူတွေသိရှိစေဖို့ ပြသထားပါတယ်။

ဒေါ်နေခြည်ချိုလင်း

ဦးစီးအရာရှိ၊ ငါးလုပ်ငန်းဦးစီးဌာန

ကျွန်မတို့ ဦးစီးဌာနအနေနဲ့ ငါးပုစွန်တွေကနေထုတ်လုပ်ထားတဲ့ MSME ထုတ်ကုန်အမျိုးအစား ၃၉ မျိုးနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ၁၆ မျိုး စုစုပေါင်းထုတ်ကုန် ၅၅ မျိုး ပါဝင်ပြသထားရှိပါတယ်။ ဒီလို ပြသရာမှာ ရေချို MSME ထုတ်ကုန် ထုတ်လုပ်မှု လုပ်ငန်းစဉ်အနေနဲ့ ငံပြာရည်၊ ငါးအသားချဉ်၊ ငါး အကောင်ချဉ်နဲ့ ငါးရံ့ခြောက် ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေငန် MSME ထုတ်လုပ်မှု လုပ်ငန်းစဉ်အနေနဲ့ မျှင်ငါးပိ၊ ငါးပိထောင်း၊ ငါးမုန့်၊ ကင်းမွန်ပြုတ် ခြောက်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြသထားပါတယ်။

ပြီးတော့ မွေးမြူရေး MSME ထုတ်ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အနေနဲ့ အေးခဲရေငန်ပုစွန်ဖြူ၊ ကဏန်းပျော့၊ ပုစွန်ပြုတ်ခြောက်၊ အေးခဲငါးမြစ်ချင်းကျောခွဲ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ တန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်မှုအနေနဲ့ ငါးအသားချောင်း ပေါင်မုန့်ကပ်၊ ငါးအသားပြား၊ ငါးအသားလုံး၊ ငါးကြိတ်သားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့် ပြုလုပ်ပုံတွေကို Vinyl နဲ့ ထုတ်ကုန်တွဲဖက် ခင်းကျင်းပြသထားပါတယ်။ ပြီးတော့ ငါးဖမ်းဆီးမှုနဲ့ ငါးမွေးမြူရေး ဆောင်ရွက်မှုတွေကို ပုံစံငယ်ပြကွက်တွေနဲ့ ခင်းကျင်းပြသထားရှိပါတယ်။

ဦးစန်းလှိုင်

လက်ထောက်ညွှန်ကြားရေးမှူး

ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန

ကျွန်တော်တို့ ပြခန်းမှာ လယ်ယာမြေနဲ့ စပ်လျဉ်းတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ရရှိတဲ့သူ ရရှိမယ့်အခွင့်အရေးတွေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်တွေ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လယ်ယာမြေကို တခြားနည်းနဲ့ အသုံးပြုခွင့် လျှောက်ထားရမယ့် လုပ်ငန်းစဉ် တွေကို အသိပညာပေးဆောင်ရွက် လျက်ရှိပါတယ်။ ပြီးတော့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဆောင် ရွက်ဖို့ မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းတွေကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားရမယ့် လုပ်ငန်းစဉ်၊ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိတဲ့သူက လိုက်နာရမယ့်စည်းကမ်း ချက်တွေကိုလည်း အသိပညာ ပေးလျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြခန်းမှာလာရောက် လေ့လာနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ လုပ်ငန်းရှင်တွေ သိရှိလိုတာတွေကို ရှင်းလင်းဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း

ဓာတ်ပုံ-သန်းမင်းအောင်