Skip to main content

ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး

မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်မှာ အဓိကကျသော နယ်ပယ်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ ခေတ်နောက်ကျမှုသံသရာမှ ရုန်းထွက်နိုင်ရန် အစပျိုးတွန်းအားပေးနိုင်ရေး၊ ပြည်သူများကာယ၊ ဉာဏစွမ်းအားများဖြင့် ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းနိုင်ရေး၊ ထိရောက်သည့် အဆောက်အအုံပိုင်းဖွဲ့စည်းမှု၊ မှန်ကန်သည့် မူဝါဒများချမှတ်မှုတို့ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆောင်ရွက်နိုင်သည့် နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နိုင်ငံရေးသည် ခေတ်မီရန်လိုအပ်ပြီး ပြည်သူတို့၏ မှန်ကန်သော ဆန္ဒသဘောထားဖော်ပြချက်များကို လက်တွေ့လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သော နိုင်ငံရေးယန္တရား (Political Mechanism) ဖြစ်ရန်လိုသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံတစ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲ ကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ နိုင်ငံ‌ရေးဖြစ်စဉ်တွင် ပြည်သူတို့ပါဝင်မှု အဆင့်အတန်းတိုးတက် မြင့်မားစေရန် အစိုးရများက အမြဲကြိုးပမ်းနေရမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူကြား အပြန်အလှန် နားလည်မှုနှင့် တာဝန်ရှိမှုဟူသော အမြင်များ တိုးတက်မြင့်မားနေစေရန်လည်း လိုအပ်သည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှုမှာလည်း မရှိမဖြစ်သော အခြေအနေပင်ဖြစ်သည်။

‘‘လူတိုင်းသည် နိုင်ငံရေးအရတည်ငြိမ်ပြီးစီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို လိုလားကြကာ စိတ်အေးချမ်းသာစွာဖြင့် စီးပွားရေးလုပ်ဆောင်လိုကြကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေးအရ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူက လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် သဘောတူထားပြီး ဖြစ်ကြောင်း’’ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုအခါ လာမည့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ အဓိကအားဖြင့် ယင်းသို့ပြင်ဆင် ဆောင်ရွက်နေရခြင်း၏ ရည်ရွယ်ချက်မှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်လာစေရန်အတွက်ပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း မြေပေါ် မြေအောက်အဖျက်အမှောင့်သမားများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေမှုများကို တွေ့မြင်နေရသကဲ့သို့ ဖမ်းဆီးအရေးယူမှုများကိုလည်း တွေ့ရှိနေရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူများ ကလည်း အဖျက်အမှောင့်များကို ဝိုင်းဝန်းကူညီ တားဆီးကြရန် လိုသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင် မြင်မြင် ကျင်းပပြီး ပြည်သူလူထုက မှန်မှန်ကန်ကန် စိစစ်ရွေးကောက်တင်မြှောက်ပေးလိုက်သော ကိုယ်စားလှယ်များနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ကြရပါမည့်အကြောင်း။ ။