Skip to main content

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးဂိတ်များနှင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (မိတ္ထီလာ-ကလောလမ်းပိုင်း) လမ်းလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ ပန်းတင်မီနီတိုးဂိတ်၊ ပေပင်လေးမီနီတိုးဂိတ်နှင့် သီးကုန်းတိုးဂိတ်တို့မှ နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကောက်ခံရရှိမှုစာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားကာ သီးကုန်းတိုးဂိတ်ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၂၀/၅ နှင့်၂၀/၆ အကြား (သာစည် - နန့်ပန်တက်လမ်းပိုင်း) တွင်လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း၊ မိုင်တိုင်အမှတ် ၂၇/၁ နှင့် ၂၇/၂ အကြား (သာစည် - ဘုရားငါးဆူလမ်းဆုံ) တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကျွဲတပ်ဆုံရှိ BOT စနစ်ဖြင့် လမ်းလုပ်ငန်းဆောင် ရွက်လျက်ရှိသည့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက လမ်းပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုသုံးစွဲစေရေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၄၀/၀ နှင့် ၄၀/၂ အကြား လမ်းသားပဲ့ကျမှု၊ မိုင်တိုင်အမှတ် ၄၀/၇ နှင့် ၄၁/၀ အကြား လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း၊ မိုင်တိုင်အမှတ် ၄၃/၄ နှင့် ၄၃/၅ အကြား လမ်းသားပဲ့ကျနေမှုကို ပြုပြင်ခြင်းလုပ်ငန်း၊ မိုင်တိုင်အမှတ် ၄၅/၃ နှင့် ၄၅/၄ အကြား ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း၊ မိုင်တိုင်အမှတ် ၄၇/၀ မှ ၄၇/၅ အထိ (မြစ်ဆုံကွေ့) တွင် သဘာဝဘေး အန္တရာယ်ကြောင့် လမ်းသားပဲ့ကျနေမှုကို မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၄၈/၁ နှင့် ၄၈/၃ အကြား ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းနှင့် မြင့်နေသောလမ်းသားအား တူး၍ အနိမ့်အမြင့်ညှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မိုင်တိုင်အမှတ် ၆၅/၇ နှင့် ၆၆/၀ အကြားသဘာဝဘေးအန္တရာယ်ကြောင့် လမ်းသားပဲ့ကျနေမှု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ၊ မိုင်တိုင်အမှတ် ၇၁/၂ နှင့် ၇၁/၃ အကြား ကလောမြို့အဝင် လမ်းသားပဲ့ကျနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံမပြိုကျစေရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်