၁၉၂၀ ပြည့်နှစ်တွင် ရိုက်ကူးထုတ်လုပ်မှု စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်မှာ နှစ်ပေါင်း ၁၀၀ ကျော်၍ ၁၀၅ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်ခေတ်အဆက်ဆက်ကို ဖြတ်သန်း၍ ရာပြည့်လွန်ခေတ်သို့ တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ် မတိုင်မီကပင် ရုပ်ရှင်ကုမ္ပဏီအချို့ရှိခဲ့ကြောင်း အထောက်အထားအချို့ရှိခဲ့ရာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို ပြည်တွင်းသို့ တင်သွင်းပြသသည့် ကုမ္ပဏီများဖြစ်ဖွယ်ရှိသည်။ မြန်မာ့ရုပ်ရှင်၏ နိဒါန်းအစမှာ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအားမာန်၊ တီထွင်ကြံဆမှုတို့နှင့် စတင်ခဲ့ခြင်းဖြစ်သည်။
စာပေ၊ ဂီတ၊ သရုပ်ဆောင်၊ ရိုက်ကူးမှုအနုပညာများနှင့် အတတ်ပညာ၊ နည်းပညာတို့ ပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ရာစုနှစ်နှင့်ချီ၍ ကမ္ဘာမှာရော မြန်မာ၌ပါ ဆက်လက်ရှင်သန်လျက်ရှိသည်။ အဖြူအမည်း၊ အသံတိတ်ခေတ်မှသည် ဒစ်ဂျစ်တယ်ခေတ်သို့ ပြောင်းလဲလာသည့် ရုပ်ရှင်သည် ဩဇာလွှမ်းမိုးမှုကြီးမားသည့် မီဒီယာတစ်ခုဖြစ်သည့်အလျောက် စီးပွားရေးလုပ်ငန်းသက်သက်မျှသာမကဘဲ soft power တစ်ခုအဖြစ်ပါ ရပ်တည်နေခြင်းဖြစ်သည်။ ရုပ်ရှင်ကိုပါဝါအပျော့တစ်ခုအဖြစ် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အသုံးချခဲ့ကြရာ အတိတ်ကာလက ဟောလိဝုဒ်ရုပ်ရှင်များ ကမ္ဘာကို လွှမ်းမိုးခဲ့ရာမှ မျက်မှောက်ကာလတွင်မူ အိန္ဒိယ၊ တရုတ်၊ ကိုရီးယား စသည့်အာရှမှ ရုပ်ရှင်များပါ ကမ္ဘာကို ထိုးဖောက်လာကြသည်။ ခံစားမှုအရာတွင် လူသားတိုင်းတူညီကြသည့်အလျောက် အနုပညာရသမြောက်သည့် ရုပ်ရှင်ဇာတ်ကားများသည် ဘာသာစကားနှင့် ယဉ်ကျေးမှုနယ်နိမိတ်များကို ကျော်လွန်ပြီး ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့နိုင်စွမ်းရှိကြသည်။
မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး လူဦးရေသန်းပေါင်းထောင်ချီရှိသည့် အိန္ဒိယနိုင်ငံသည် ရုပ်ရှင်ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ၏ လူမှုအသိုက်အဝန်းအတွင်း လူမှုပြုပြင်ပြောင်းလဲရေး ပညာပေးမှုများကိုပါ ရုပ်ရှင်ဇာတ်ကားများဖြင့် အသိပညာပေးခဲ့သည်ကို တွေ့ရှိနိုင်သည်။ အမျိုးသမီးများ ဘဝလုံခြုံရေး၊ မတူကွဲပြားသည့် ကိုးကွယ်ရာဘာသာများအကြား ချစ်ခင်ရင်းနှီးစွာ နေထိုင်ရေး၊ သန့်ရှင်းသည့် ယင်လုံအိမ်သာသုံးစွဲရေး၊ အမျိုးသမီးများ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေး၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရေး၊ အဂတိလိုက်စားမှုဆန့်ကျင်တိုက်ဖျက်ရေး စသည့်စုံလင်လှသော အကြောင်းအရာများကို အနုပညာမြောက်ရိုက်ကူးပြသခဲ့ရာ ယင်းဇာတ်ကားများမှာ ပြည်ပဈေးကွက်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရသည်။
မိမိတို့နိုင်ငံသည် သာယာလှပသော ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်တို့၏ မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်ပုံများနှင့် စရိုက်လက္ခဏာတို့မှာ ရုပ်ရှင်အနုပညာဖန်တီးမှုများအတွက် မကုန်ခန်းနိုင်သော ကုန်ကြမ်းများပင်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန်ပင်ဖြစ်ပြီး ညီရင်းအစ်ကိုမောင်ရင်းနှမသဖွယ် ချစ်ခင်ရင်းနှီးစွာ အတူတကွ နေထိုင်လိုသည့်ဆန္ဒမှာ တောင်ပေါ်မြေပြန့်ဒေသသားအားလုံးတို့၏ရင်တွင်းမှ ဆန္ဒအမှန်ဖြစ်သည်။ သို့ရာတွင် ဇာတ်လမ်းတစ်ခုတွင် ဗီလိန်လူဆိုးရှိသကဲ့သို့ပင် ဤရေ၊ ဤမြေ၊ ဤပြည်ထောင်စုကြီး၌ အတူနေတိုင်းရင်းသားများအတွင်း အချင်းချင်းသံသယဝင်အောင်၊ သွေးကွဲအောင်၊ မုန်းတီးမှုများ ဖြစ်လာအောင် သွေးခွဲရန်တိုက်မှုများ၊ မြှောက်ပင့်သွေးထိုးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပဗီလိန်တို့က ပြုလုပ်လျက်ရှိကြရာ မြန်မာ့ရုပ်ရှင်လောကသားအားလုံးတို့က ရုပ်ရှင်အနုပညာဖြင့် ပြည်ထောင်စုကြီးမပြိုကွဲအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲအောင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
မြန်မာ့ရုပ်ရှင်လောကကိုကြည့်လျှင် ပြည်ထောင်စုဖွားတိုင်းရင်းသားများ၊ အမိမြန်မာနိုင်ငံတော်ကြီးတွင် မွေးဖွားကြီးပြင်းလာကြသူများ၊ လူမျိုး၊ ကိုးကွယ်ရာဘာသာမတူညီကြသူများ အားလုံးပါဝင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရုပ်ရှင်သည် လူ့အဖွဲ့အစည်းအပေါ်လွှမ်းမိုးနိုင်သော ဩဇာကြီးမားသည့်အလျောက် ရုပ်ရှင်လောကသားအားလုံးတို့အနေဖြင့်လည်း မိမိတို့၏အနုပညာ၊ အတတ်ပညာများကို ဆင်ခြင်တုံတရားပြည့်ဝစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအတွက် အလုပ်အကျွေးပြုကြရပါမည့်အကြောင်း။ ။