နေပြည်တော် ဖေဖော်ဝါရီ ၅
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ချောင်းဝကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၂၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၄ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၉ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာနှစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၀ တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာလေးဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-
၁။ “စက်ဆိပ်ကျေးရွာကပါ။ ယားနာနဲ့ နှလုံးရောဂါလာပြတာပါ။ ဆရာဝန်တွေက ဆေးကို ပုံမှန်သောက်ဖို့ ဆေးတွေပေးလိုက်ပါတယ်။ ပြီးတော့ အရေပြားတွေလည်း တအားမကုတ်ဖို့ ပြောပါတယ်။ တအားကုတ်ရင် ပိုးတွေဝင်တတ်တယ်လို့ ပြောပါတယ်။ နှလုံးကျတော့ အခုနေကတော့ သိပ်ပြီးတော့ ဘာမှမဖြစ်သေးဘူးတဲ့။ နည်းနည်းပါးပါး တစ်ချက်၊ တစ်ချက် အောင့်တာပဲရှိပါတယ်။ အဆင်ပြေပါတယ်။ များသောအားဖြင့်က ဆေးခန်းကို တော်တန်ရုံမပြနိုင်ကြဘူး။ ပိုက်ဆံက သိပ်ပြီးမတတ်နိုင်ကြဘူး။ တချို့ကြတော့လည်း ပိုက်ဆံကတော့ရှိပေမယ့် တပ်မတော်က ထုတ်တဲ့ဆေးက အကောင်းစားတွေများတယ်။ အဲဒါကြောင့် လာပြီးတော့ ဆေးလာကုသကြတာ များပါတယ်။ နှလုံးသမားတွေဆိုလို့ရှိရင်လည်း ဆရာဝန်တွေက ECG စက် တွေရော ဘာတွေရော တစ်ခါတည်းဆိုတော့ ဒီမှာတစ်ခါတည်း ပြပြီးတော့ ဆေးလည်းတစ်ခါတည်းရလို့ ငွေကုန်လည်း သက်သာတယ်။ လူလည်း ပင်ပန်းတာ သက်သာတယ်။ မြို့တွေကို သွားစရာမလိုတော့ဘူး။ ရောဂါဖြစ်ရင် ပုသိမ်သွားရတယ်။ ဟိုင်းကြီးသွားရတယ်။ အဲလိုမျိုးတွေ သွားရတာရှိတယ်။ သွားရမယ်ဆိုလို့ရှိရင် ကျွန်မတို့က ဒီကနေ ရှပ်ပြေးနဲ့ မိုးမလင်းခင်စီးပြီး သွားရပါတယ်။ ပုသိမ်ရောက်ရင်လည်း ချက်ချင်းပြလို့ မရဘူး။ နောက်တစ်နေ့မှ ပြရပါတယ်။ ခရီးကြန့်ကြာပြီး ငွေလည်းကုန်ပါတယ်။ အခုကျတော့ ငွေလည်းမကုန်တော့ဘူး။ အခုလို လာရောက်ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနှင့် ဆေးလာရောက် ကုသပေးတဲ့ ဆရာဝန်၊ ဆရာမများအား အထူးပဲကျေးဇူးတင်ရှိပါတယ်။ နောက်နှစ်တွေကိုလည်း လာရောက်ကုသပေးဖို့ ဖိတ်ခေါ်ပါတယ်”ဟု လာရောက်ကုသသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
၂။ “မျက်စိလာပြတာပါ။ မျက်စိက တိမ်သားတက်နေလို့ ခြစ်ရမယ်လို့ ပြောပါတယ်။ ဆရာဝန်က သွေးသွားစစ်ခိုင်းတယ်။ သွေးစစ်ပြီးတော့မှ မျက်သားကို ခြစ်ပေးမယ်လို့ ပြောပါတယ်။ အခုလို သွေးကို ဒီမှာတစ်ခါတည်း စစ်လိုက်တဲ့အခါကျတော့လည်း အဖြေတစ်ခါတည်း ထွက်တဲ့အခါကျတော့ မြို့ပေါ်ကို သွားစရာမလိုတော့ဘူး။ မသွားရတဲ့အခါကျတော့ ဒီမှာတင်လုပ်ပေးတော့ ပိုပြီးတော့ အဆင်ပြေပါတယ်။ ဝမ်းသာပါတယ်။ အခုလိုမြန်မြန်ဆန်ဆန်လေးနဲ့ အားလုံးအဆင်ပြေအောင် လုပ်ပေးတဲ့အတွက် ကျွန်တော်တို့ အတွက်လည်း ငွေကြေးကုန်ကျစရိတ်အများကြီး သက်သာပါတယ်။ လုပ်ငန်းတွေလည်း မပျက်ဖူး။ အဲဒါကြောင့် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလိုဆေးလာကုပေးတဲ့ တပ်မတော်သားအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်၊၊ အခုလိုမျိုးကောင်းမွန်ကျနစွာ အထူးတလည် လာရောက်ကုသပေးတဲ့အတွက်ကို အလွန်ပဲကျေးဇူးတင်ရှိပါတယ်။ နောင်လည်းလာရောက်ကုသဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု မျက်စိလာကုသူတစ်ဦးက ပြောသည်။
သတင်းစဉ်