Skip to main content

MSME လုပ်ငန်းတွေအတွက် အကျိုးကျေးဇူးရရှိစေမယ့် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ဘဏ္ဍာငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုအစီအစဉ်လည်းပါဝင်ပြီး ထိုသို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုဆပ်ကော်မတီ၏ ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ အဆိုပါဆပ်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်-

မေး     ။        ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME ကျင်းပတဲ့အခါ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်နိုင်ဖို့ ဘယ်လိုတွေဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။

ဖြေ     ။        ။  ပြပွဲရဲ့ လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) မှာ MSME လုပ်ငန်းတွေအတွက် အကျိုးကျေးဇူးရရှိစေမယ့် ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ဘဏ္ဍာငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာ အစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုး တွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart ၊ AERON ၊ Makro ၊ G and G စတဲ့ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိ မျက်နှာချင်းဆိုင် တွေ့ဆုံပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ပြည်ပဈေးကွက်ချိတ်ဆက်မှုအနေနဲ့ ပြည်ပတင်ပို့နေတဲ့ Exporters တွေ ၊ နိုင်ငံ ၁၂ နိုင်ငံက စေလွှတ်ထားတဲ့ စီးပွားရေးသံမှူး ၁၆ ဦးတို့နဲ့ Video Conferencing စနစ်နဲ့ ချိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။ ဘဏ္ဍာငွေရရှိရေးချိတ်ဆက်မှုအနေနဲ့ ပုဂ္ဂလိကဘဏ်ရှစ်ခုကနေ ဘဏ်ချေးငွေရရှိရေးဘဏ်တွေရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်တွေရရှိနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များက MSME လုပ်ငန်းရှင်တွေက Business Matching Hall မှာ မျက်နှာချင်းဆိုင်တွေ့ဆုံရှင်းလင်းချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ပြခန်းအမှတ် ၂၅ မှာ Business Matching Hall တည်ရှိမှာဖြစ်ပြီး နေ့အလိုက် တွေ့ဆုံမယ့် လုပ်ငန်းရှင်စာရင်းတွေကို အချိန်ဇယားအလိုက် တွေ့ဆုံမှုတွေပြုလုပ်နိုင်ဖို့ TV နဲ့ ကြေညာပြသပေးထားမှာ ဖြစ်ပါတယ်။ စာရင်းမပေးထားတဲ့ MSME လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားမှုရှိရင် ပြခန်းမှာ လာရောက်စာရင်းပေးနိုင်ပြီး တွေ့ဆုံလိုတဲ့ဘဏ်၊ လက်လီ/လက်ကားလုပ်ငန်း၊ စီးပွားရေးသံမှူးတွေနဲ့ အဆင်ပြေစွာ တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးမှာဖြစ်ပါတယ်။ MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေ FDA လက်မှတ် ရရှိနိုင်ရေးအတွက် လိုအပ်ချက်တွေနဲ့ FDA လက်မှတ်ရရှိရေးလုပ်ငန်းစဉ်တွေ၊ ကုမ္ပဏီတည်ထောင်လိုတဲ့ MSME လုပ်ငန်းတွေရှိရင်လည်း DICA အရာရှိကလည်း ကုမ္ပဏီတစ်ခုတည်ထောင်ရေးအတွက် လုပ်ငန်းစဉ်တွေ၊ စာရွက်စာတမ်းလိုအပ်ချက်တွေကို ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် MSME ထုတ်ကုန်တွေအတွက် ကုန်အမှတ်တံဆိပ် (Trade Mark) မှတ်ပုံတင်ရရှိရေးဟာ အရေးကြီးတဲ့အတွက် မူပိုင်ခွင့်ဦးစီးဌာန၊ MSME ထုတ်ကုန်တွေ ပြည်ပကိုတင်ပို့တဲ့ ထုတ်ကုန်တွေ ပို့ကုန်လိုင်စင်လျှောက်ထားတဲ့အခါ Myanmar Trade Net 2.0 အသုံးပြုပုံကို ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ရှင်းလင်းရေးကိစ္စတွေကို သဘောပေါက်နားလည်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနကလည်း MSME လုပ်ငန်းရှင်တွေကို သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

မေး     ။        ။ ဒီလို လုပ်ငန်းစီးပွားချိတ်ဆက်ရေးဟာ MSME လုပ်ငန်းတွေအတွက် ဘယ်လောက်အထိ အထောက်အကူပြုတယ်ဆိုတာသိပါရစေ။

ဖြေ     ။        ။        ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲဖြစ်တဲ့အတွက် တစ်နေရာတည်းမှာ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ထုတ်ကုန်တွေကို တွေ့ရမယ်၊ သတင်းအချက်အလက်တွေကို ရရှိနိုင်မယ်၊ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံချိတ်ဆက်မှုတွေကြောင့် လုပ်ငန်းချင်းချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်နိုင်မယ်၊ နိုင်ငံတော်ကနေ ချီးမြှင့်တဲ့ဆုငွေတွေ ရရှိနိုင်မှာဖြစ်တဲ့အတွက် MSME လုပ်ငန်းတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးကို ၂၀၂၅ ခုနှစ်မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မေး     ။        ။ ဒီလို MSME ပြပွဲ၊ ပြိုင်ပွဲတွေကနေတစ်ဆင့် အခွင့်အလမ်းတွေရရှိပြီး ပိုမိုတိုးတက်မှုရရှိအောင် ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအားဖြည့် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။

ဖြေ     ။        ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ MSME လုပ်ငန်းတွေအတွက် ဝန်ကြီးဌာနကနေ ပြည်ပကုန်စည်ပြပွဲကို ပါဝင်ပြသနိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ အသုံးပြုနိုင်ရေးတွေကို ဆောင်ရွက်ပေးမယ်။

ပြီးတော့ မြန်မာရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဈေးကွက်ဝင်ရောက်ခွင့် GACC လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအပါအဝင် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအတွက် သိသင့်သိထိုက်တဲ့အချက်တွေ၊ ကုန်သွယ်မှုပိုင်းကနေ MSME တွေအတွက် ဆောင်ရွက်ပေးနေမှုတွေကို ဝန်ကြီးဌာနပြခန်းကနေ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနပြခန်းမှာ ပြည်ပကိုတင်ပို့နေ့တဲ့ ဆန်၊ ပဲမျိုးစုံ၊ ကော်ဖီနဲ့ ပြည်တွင်းကနေ ထုတ်လုပ်တဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီတွေကို ပြသမှာဖြစ်ပါတယ်။

မေး     ။        ။ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ     ။        ။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုသင့်တယ်၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်တွေ၊ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ နာမည်ကြီးအစားအသောက်တွေ ရောင်းချပေးမှာဖြစ်သလို ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းတွေမှာ တကယ်ကို စိတ်ဝင်စားမှုရရှိစေမှာဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုသင့်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာဆိုရင် ခေတ်မီမဲစနစ်ပုံစံနဲ့ ဆန်၊ ပဲနဲ့ ဆီကို ပြပွဲကျင်းပမယ့် ဖေဖော်ဝါရီ ၁၀ ရက် ကနေ ၁၄ ရက်အထိ နေ့စဉ်ဝေသွားမယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း

ဓာတ်ပုံ-ဖိုးပြည့်စုံ