နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးထွက်ကုန်ရလဒ်အား ကျယ်ပြန့်စွာပြသနိုင်သော အညွှန်းကိန်းကို GDP ဟုခေါ်ဆိုသည်။ GDP သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ထင်ဟပ်နိုင်သည့် စီးပွားရေးအဆောက်အအုံအရွယ်အစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရာတွင်သုံးသည်။ GDP အညွှန်းကိန်းမြင့်မားလာသည်နှင့်အမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများပါ မြင့်မားတိုးတက်လာမည်။ ထို့ကြောင့် အခြေခံကျသည့် စီးပွားရေးထွက်ကုန် မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်သည် နိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်သောကြောင့် ရည်မှန်းချက်အောင်မြင်စေရန်အတွက် နိုင်ငံ့စီးပွားရေးကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးထွက်ကုန်ထုတ်ကုန်မြင့်မားမှ GDP တိုးတက်လာမည်။ GDP တိုးတက်မှ နိုင်ငံ၏အမျိုးသားရေးရည်မှန်းချက်အောင်မြင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ GDP တိုးတက်ရေးတွင် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုဟူသည့် ကဏ္ဍကြီးသုံးခုရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အဆိုပါကဏ္ဍကြီး (၃) ရပ်အနက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် လျော့ပါးလျက်ရှိသည်ကိုတွေ့ရပြီး GDP တိုးတက်လာရေး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများကြားတွင် GDP အဆင့်နည်းပါးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်နိုင်သည်။ နိုင်ငံ၏အဓိကကျသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြားနိုင်ငံများထက် ကုန်ထုတ်လုပ်မှုစွမ်းရည်နည်းပါးနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးတက်စေရေး အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ၏ GDP တိုးတက်လာရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ပြည်သူများအနေဖြင့် တစ်ဦးချင်းဝင်ငွေများတိုးတက်ပြီး နိုင်ငံ့ GDP တိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုကြောင်း” ပြောကြားထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးမြင့်စေရေးကို နိုင်ငံတော်အကြီးအကဲက မကြာခဏ တိုက်တွန်းပြောကြားလျက်ရှိသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့် အခြေအနေသို့ရောက်ရှိအောင် ဆောင်ရွက်ခြင်း၊ MSME ထုတ်ကုန်လုပ်ငန်းများတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြုပြီး အရည်အသွေးပြည့်မီသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ၏ GDP သိသာစွာ တိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ GDP သိသာစွာတိုးတက်မြင့်မားလာမှသာ ပြည်သူတစ်ဦးချင်းဝင်ငွေတိုးတက်ပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာမည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြပြီး ထုတ်လုပ်မှုသုတေသနလုပ်ငန်းများ၊ ဈေးကွက်သုတေသနလုပ်ငန်းများနှင့် ပြည်ပဈေးကွက်ရရှိရေး သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးသူတောင်သူများ၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ တာဝန်ရှိသူများအားလုံး ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။