နေပြည်တော် ဖေဖော်ဝါရီ ၄
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာသို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၄ ဦး၊ ခွဲစိတ်ရောဂါ ၄၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၄၃ ဦး၊ အရိုးရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၉၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-
“နား၊ နှာခေါင်း၊ လည်ချောင်းလာပြတာပါ။ ကျေးဇူးအများ ကြီးတင်ပါတယ်။ ကျွန်မတို့ဆီက ခရီးလမ်းသွားရလာရတာဝေးတော့ အခုလိုနယ်လှည့်ဆေးကုသင်္ဘောကြီးက လာရောက်ကုသပေးတဲ့အတွက် အများကြီးအဆင်ပြေပါတယ်။ အရင်နှစ်တွေတုန်းကလည်း နယ်လှည့်ဆေးကုသင်္ဘောကြီး ဆေးလာကုပေးဖူးပါတယ်။ အဲဒီတုန်းကတော့ မျက်စိပြခဲ့ပါတယ်။ မျက်စိအတွက် မျက်စဉ်းဆေးပေးလိုက်တာနဲ့တင် ပျောက်ကင်းသက်သာသွားပါတယ်။ အစစအရာရာအားလုံး အဆင်ပြေပါတယ်။ ဆရာဝန်တွေက စေတနာလည်းထားပြီး ကုသပေးပါတယ်။ ငွေကုန်ကြေးကျကတော့ အများကြီးသက်သာပါတယ်။ ကျွန်မတို့အနေနဲ့ ပုသိမ်မြို့အထိ ဆေးခန်းသွားပြရတာပါ။ အခုလို လာရောက်ကုသပေးတော့ ဆိုင်ကယ်လေးနဲ့လာလိုက်ရုံပါပဲ။ လမ်းစရိတ်ကလည်း အများကြီးသက်သာပါ တယ်။ ဆေးကုသစရိတ်တွေလည်း အများကြီးသက်သာသွားပါတယ်။ အခုလို လာရောက်ဆေးကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေ၊ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်” ဟု လာရောက်ပြသသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်က အရိုး၊ အကြောရောဂါဖြစ်လို့ လာပြတာပါ။ လေ့ကျင့်ခန်းလုပ်ဖို့ ပြောပါတယ်။ သောက်ဆေးတွေလည်း ပေးလိုက်ပါတယ်။ ကျွန်တော်က ကျောက်ကပ်အဆင့်(၄) ဖြစ်နေတဲ့အခါကျတော့ အကိုက်အခဲပျောက်ဆေးပေးလို့မရဘူး။ အဲဒါကြောင့် လေ့ကျင့်ခန်းတွေကို ပိုပြီးလုပ်ဖို့ပြောပါတယ်။ ပါရဂူတွေနဲ့ ပြဖို့ဆိုတာက ကျွန်တော်တို့အနေနဲ့ ပုသိမ်တို့၊ ရန်ကုန်တို့ကို သွားမှပြလို့ရမှာပါ။ ကျွန်တော်က တစ်ယောက်တည်း သွားပြလို့ကလည်း အဆင်မပြေဘူးလေ။ မိသားစုက လိုက်ပေးမှရတာပါ။ မိသားစုကလည်း လူနည်းတဲ့အခါကျတော့ သွားဖို့တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ အခုလို ပါရဂူတွေလည်း စုံစုံညီညီလေးရောက်လာပြီး ကုသမှုပေးလို့ပြသရတာ အထူးကိုပဲ အဆင်ပြေပါတယ်။ သမားတော်ကြီးတွေလာရောက်ပြီးတော့ ကုသပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေကိုလည်း အခုလိုကုသလို့ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု အရိုး၊ အကြောနှင့် ကျောက်ကပ်ဝေဒနာရှင်တစ်ဦးက ပြောကြားသည်။
သတင်းစဉ်