Skip to main content

ကျွန်တော်တို့ဒေသထွက် ရှီးပတီးကုန်ကြမ်းနဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ အမွှေးနံ့သာဆီ၊ ဝိုင်၊ အသားခြောက်လုပ်ငန်းနဲ့ ကျွန်တော်တို့ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းတွေကို ပါဝင်ပြသသွားမှာဖြစ်ပါတယ်

ဦးကျော်မင်းခိုင်(ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး)

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ပြပွဲအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင်လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေး မှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-

ဒေါ်ရီရီသန်း (စီးပွားရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး)

ကျွန်မတို့ တိုင်းဒေသကြီးပြခန်းမှာ အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ OROP ထုတ်ကုန်တွေကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက်ကတော့ အမျိုးအစားတစ်မျိုးကို လုပ်ငန်းရှင် သုံးဦးစီနဲ့လုပ်ငန်းရှင်ပေါင်း ၁၂ ဦးက ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်တွေအနေနဲ့ ဘရိတ်ရှူးနဲ့ဆိုင်ကယ်အပိုပစ္စည်းတွေ၊ ကြိမ်ထည်တွေ၊ အင်ကြင်းကျောက် ရတနာလုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်။ သွင်းကုန်အစားထိုးတန်ဖိုးမြှင့် ထုတ်ကုန်တွေအနေနဲ့ ပလတ်စတစ် မျိုးစုံ၊ စပါးခွံချွတ်စက်၊ ဆန်စက်အပို ပစ္စည်းတွေ၊ မွေ့ရာ၊ ခေါင်းအုံး၊ ဖက်လုံး၊ ကလေးဒေသရိုးရာအထည်တွေ၊ ချင်းရိုးရာအထည်နဲ့ အဝတ်အထည်အသုံး အဆောင်ပစ္စည်းတွေ၊ ချည်ထည် အမျိုးမျိုး၊ ဆပ်ပြာကုန်ကြမ်းတွေ ပါဝင်ပါတယ်။

စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်အနေနဲ့ ခေါက်ဆွဲခြောက်၊ သဘာဝငရုတ်သီး အကြမ်းမှုန့်၊ အနုမှုန့်၊ ငရုတ်အလှော်မှုန့်၊ နနွင်းမှုန့်၊ နို့၊ မလိုင်၊ မရမ်းသီးအနှစ်၊ ဒန့်သလွန်သီးအခြေခံဆပ်ပြာ၊ ပေါင်းဆေး၊ ဆပ်ပြာခရင်၊ သစ်သီးယိုစုံ၊ ပဲစိမ်း မှုန့်၊ ပဲကျက်မှုန့်၊ ပဲကြာဆံ၊ တိုင်းရင်းဆေးအမျိုးမျိုး၊ မုံရွာစက်မှုဇုန်ထုတ် ထွက်ကုန်တွေ၊ ဝိုင်နဲ့ဆိတ်သားခြောက် လုပ်ငန်းတွေပါဝင်မှာဖြစ်ပါတယ်။ ဒေသရိုးရာအစားအစာ အရောင်းပြခန်းမှာ ခိုတောင်မုန့်တီ၊ ထမင်းသုပ်၊ ရေဦးဝက်အူချောင်း၊ လက်ဖက်အကြော်စုံ၊ ဆိတ်သားခြောက်၊ တို့ဟူးခြောက်ကြော်၊ ကသာငါးကြီးချဉ်၊ ရွှေဘိုပေါင်းတင်း၊ ရွှေဘိုဝင်းဝင်းကိတ်၊ ရှားစောင်းလက်ပပ်ယို စသဖြင့် ဒေသထွက်အစားအစာတွေကို လည်း ပြသရောင်းချသွားမှာဖြစ်ပါတယ်။

ဦးထိန်စိုး(ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်ပြခန်းတာဝန်ခံ)

ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲပြိုင်ပွဲမှာ မွန်ပြည်နယ်အနေနဲ့ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်ပစ္စည်းတွေကို လုပ်ငန်းရှစ်ခုကထုတ်ကုန် ၅၃ မျိုး၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့် ထုတ်ကုန်တွေအနေနဲ့ ကဏ္ဍလေးခုက ထုတ်ကုန် ၂၅ မျိုး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေအနေနဲ့ လုပ်ငန်းသုံးခုက ထုတ်ကုန် ၁၂ မျိုး၊ ပြည်ပပို့ကုန်ကဏ္ဍမှာ လုပ်ငန်းသုံးခုက ထုတ်ကုန်ရှစ်မျိုး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု OROP ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်းခုနစ်ခုက ထုတ်ကုန် ၈၅ မျိုး စုစုပေါင်းကဏ္ဍငါးခုက ထုတ်ကုန်အရေအတွက် ၁၈၃ မျိုး ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ပြခန်းမှာ ပြည်ပပို့ကုန်တွေကို အဓိကထားပြီး ပြသသွားမှာဖြစ်ပြီး ကွမ်းသီး၊ ဝဥ၊ ဝဥမှုန့်၊ လုပ်ငန်းသုံးဆား၊ ငါး၊ ပုစွန်တွေကို လာရောက်ပြသမှာ ဖြစ်ပါတယ်။ ရွာလွတ်ကျေးရွာက လက်မှုပစ္စည်းတွေ၊ မုဒွန်းကျေးရွာက ကျောက်သင်ပုန်း၊ ဆေးတံတွေ၊ ရော်ဘာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ကားတာယာတွေကိုလည်း ပြသရောင်းချ သွားမှာဖြစ်ပါတယ်။

ဒေသထွက်ရိုးရာ အစားအစာတွေအနေနဲ့ ကျွန်တော်တို့ မြန်မာတွေအားလုံး သိရှိပြီးဖြစ်တဲ့ သင်္ကြန်ထမင်းနဲ့ လက်ညှစ်ရေစိမ်မုန့်တီတွေကို အဓိကထားပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွဲကောသီးအပါအဝင် ဒေသထွက် အသီးအနှံတွေကိုလည်း ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။

ဦးကြေးမုံထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန)

ကျွန်တော်တို့ ပြည်နယ်ပြခန်းမှာ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန် ၂၇ မျိုး၊ သွင်းကုန်အစားထိုး ထုတ်ကုန် ၃၃ မျိုး၊ OROP ထုတ်ကုန်သုံးမျိုး စုစုပေါင်း ၆၆ မျိုး စုစည်းပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန် လုပ်ငန်းအနေနဲ့ အသေးစားလုပ်ငန်းတစ်ခု၊ အငယ်စားလုပ်ငန်းနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်က OROP ထုတ်ကုန်အနေနဲ့ သံတောင်ကြီး ကော်ဖီ၊ ရော်ဘာနဲ့ ဆန်စပါး ဒီသုံးမျိုး ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပါတယ်။ ရိုးရာ အစားအသောက် ဆိုင်ခန်းမှာဆိုရင် ကရင်မုန့်တီ၊ တာလပေါ့ဟင်းလျာတွေ၊ မုန့်ခွက်ပြင်၊ ကောက်ညှင်းကျည်တောက်၊ ငှက်ပျောခြောက်စတဲ့ ဒေသထွက် အစားအစာတွေကို အဓိကရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလိုပြပွဲ ကနေတစ်ဆင့် ကျွန်တော်တို့ဒေသက MSME လုပ်ငန်းရှင်တွေနဲ့ တခြားဒေသ က MSME လုပ်ငန်းရှင်တွေ အချင်းချင်း အချိတ်အဆက်ရအောင်၊ ဒေသရဲ့ ထုတ်ကုန်အရင်းအမြစ်တွေကို ဖလှယ်လို့ရအောင်၊ အားသာချက်တွေ ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဦးကျော်မင်းခိုင်(တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)

ကချင်ပြည်နယ်ပြခန်းမှာ ကချင်ပြည်နယ်ကထွက်တဲ့ ကုန်ကြမ်းထုတ်ကုန် ၈၇ မျိုး၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန် ၄၁ မျိုးနဲ့ OROP ထုတ်ကုန် ၁၈ မျိုးကို ပါဝင်ပြသသွား မှာဖြစ်ပါတယ်။ OROP အနေနဲ့ ကချင်ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ ကချင်ရိုးရာအထည်တွေ၊ ဂရိတ်ဖရုအသီး၊ သစ်ကြားသီးတွေ၊ မက်လင်ချဉ်ခြောက်နဲ့ ပြည်ပတင်ပို့နေတဲ့ တစ်ရှူးငှက်ပျောတွေကို ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသထွက် ရှီးပတီးကုန်ကြမ်းနဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ အမွှေးနံ့သာဆီ၊ ဝိုင်၊ အသားခြောက် လုပ်ငန်းနဲ့ ကျွန်တော်တို့ပြည်နယ်က ထွက်တဲ့ကျောက်စိမ်းတွေကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဒေသကလာရတာ အလှမ်းဝေးပါတယ်။ ကုန်ကျစရိတ်ကလည်း အတော်များတော့ ပြည်နယ်အစိုးရက ကျခံပေးပါတယ်။ လုပ်ငန်းရှင်တွေ ဒီလို MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲတွေမှာ ပါဝင်ပြသနိုင်အောင် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကြိုးစားပါတယ်။ အကျိုးအမြတ်တွေကိုလည်း ရှင်းပြတော့ လုပ်ငန်းရှင်တွေလည်း စိတ်ဝင်စားလာကြတယ်။ ဒီလိုပြပွဲ ပြိုင်ပွဲတွေက ဒေသအတွင်း MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကို များစွာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ဒီလို ပြပွဲပြိုင်ပွဲတွေကနေ တစ်ဒေသနဲ့တစ်ဒေသ မတူကွဲပြားတဲ့ အကျင့်စရိုက်တွေ၊ အစားအသောက်တွေ၊ ဓလေ့တွေအားလုံးကို နားလည်သွားလိမ့်မယ်။ တိုင်းရင်းသားတွေအချင်းချင်း ပြည်ထောင်စုဖွားတွေပဲဆိုတဲ့ စိတ်ဓာတ်နဲ့ ပိုမိုနီးစပ်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် နှစ်စဉ်ကျင်းပပေးသင့်တယ်လို့ ထင်ပါတယ်။