(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် Digital Corner ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ရပါသည်-
မေး ။ ။ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှာ Digital Corner ဆောင်ရွက်ထားရှိမှုနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ပြခန်းပေါင်း ၉၉ ခန်းရှိတဲ့အနက် ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းအမှတ် ၆ နဲ့ ၂၇ တို့မှာ ပြသသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြခန်း ၂၇ မှာ Digital Corner (ဒစ်ဂျစ်တယ်ကော်နာ) ဆိုပြီး MSME ဖွံ့ဖြိုးတိုးတက်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချဆောင်ရွက်မှုဆိုင်ရာပြကွက် ၁၆ ခုကို Naypyitaw State Polytechnic University အပါအဝင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်က တက္ကသိုလ်ကိုးခုက ဆရာနဲ့ကျောင်းသား ၃၆ ဦးက ပြသကြမှာဖြစ်ပါတယ်။
ဒီပြကွက် ၁၆ ခုမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကနေ ထုတ်ကုန်၊ ပို့ကုန်များဆိုင်ရာ (Smart Agriculture) ပြကွက်သုံးခု၊ ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ (e-Commerce) ပြကွက် သုံးခု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ (e-Service) ပြကွက်ငါးခုနဲ့ MSME ကဏ္ဍကို ခြုံငုံတဲ့ပြကွက်ငါးခုတို့ပါဝင်ပြီး ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုထားတဲ့ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု (Digital Innovation) တွေနဲ့ လေ့လာကြည့်ရှုသူတွေရင်ထဲ တစ်ခါတည်းစွဲသွားအောင် အသိပညာပေး ပြသသွားမှာဖြစ်ပါတယ်။
မေး ။ ။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲမှာ ဆုတွေကို Online Payment နဲ့ ချီးမြှင့်မယ်လို့ သိရပါတယ်။ ဘယ်လို ပေးအပ်ချီးမြှင့်သွားမယ်ဆိုတာကို ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားမှာ ဆုရရှိကြတဲ့ အသေးစား၊ အလတ်စားနဲ့အငယ်စား စီးပွားရေးလုပ်ငန်းဆုတွေ၊ One Region One Product (OROP)၊ သမဝါယမထုတ်ကုန်၊ စားသောက်ကုန် စတဲ့ဆုခြောက်မျိုးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း၇၅၀ ချီးမြှင့်ပေးအပ်ရာမှာ သမားရိုးကျ ငွေစက္ကူတွေကို ပေးအပ်မယ့်အစား လမ်းညွှန်မှုအရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေနဲ့ Digital Payment ကနေတစ်ဆင့် ဆုတွေကို ပေးအပ်နိုင်ဖို့အတွက် နည်းပညာပံ့ပိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဆုရရှိသူအနေနဲ့ အရင်လို ငွေသားတွေကို လက်ခံရခြင်းမျိုးမဟုတ်ဘဲ Digital Payment Application ကနေ လက်ခံရရှိသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ နည်းပညာခေတ်ဖြစ်တဲ့အတွက် MSME လုပ်ငန်းဖွံ့ဖြိုးစေဖို့ AI နဲ့ ပတ်သက်ပြီး ပြသမယ့်အစီအစဉ်တွေရှိရင်လည်း သိရှိလိုပါတယ်။
ဖြေ ။ ။ ဒီနေ့နည်းပညာခေတ်မှာ လူသားတွေရဲ့နေ့စဉ်ဘဝကိစ္စအဝဝ လှုပ်ရှားဆောင်ရွက်မှုတွေမှာဖြစ်စေ၊ ဌာနနဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာဖြစ်စေ ဒစ်ဂျစ်တယ်လွှမ်းမိုးမှုက သိသာကြီးမားစွာ သက်ရောက်မှုတွေရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်မှုတွေနဲ့အတူ ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ထွန်းသစ်စနည်းပညာတွေရဲ့ တိုးတက်နေတဲ့ အရွေ့နှုန်းနဲ့အတူ လိုက်ပါအသုံးချနိုင်မှုကလည်း ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍကို စိုးမိုးလာနိုင်တာတွေ တွေ့ရပါတယ်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် MSME ဖွံ့ဖြိုးတိုးတက်မှုက အခရာကျလှပါတယ်။ ဒါကြောင့် နိုင်ငံတော်မှာ သိသာစွာ အားကောင်းဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့ MSME လုပ်ငန်းတွေရဲ့ အရှိန်အဟုန်မြှင့်တင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာအခင်း အကျင်းတွေကို ဖန်တီးအသုံးချပြီး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာ ပြခန်းမှာတော့ အမျိုးမျိုးသော MSME အကျိုးပြု ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချပရိုဂရမ်တွေကို အသုံးပြုသွားမယ်။ ဒီလိုအသုံးပြုရင် MSME လုပ်ငန်းတွေကို ဘယ်လိုအကျိုးပြုနိုင်မယ်ဆိုတာ လက်တွေ့ပြသသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်း MSME လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး AI မော်ဒယ်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အကူအညီကို ပြည့်ဝစွာ အသုံးပြု နိုင်ဖို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စံသတ်မှတ်ထားတဲ့ စာရင်းဇယားတွေ လိုအပ်ခြင်း၊ တိကျမှန်ကန်တဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်အသွင်နဲ့ ပုံမှန်ဖြည့်သွင်းဖို့လိုအပ်ခြင်း စတာတွေကို လက်တွေ့ပြသသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ MSME လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရေရှည်ဖြစ်ပေါ်လာမှု အခြေအနေတွေကို AI မော်ဒယ်တွေရဲ့ အကူအညီနဲ့ ခန့်မှန်းတွက်ချက်နိုင်မှုကိုလည်း လက်တွေ့ပြသသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒစ်ဂျစ်တယ်ကော်နာပြခန်းမှာ အများပြည်သူစိတ်ဝင်စားဖို့ ထူးထူးခြားခြားဆောင်ရွက်မယ့် အစီအစဉ်တွေရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး တစ်တပ်တစ်အားဖြစ်စေမယ့် စွန့်ဦးတီထွင် MSME လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာစေဖို့ ဒစ်ဂျစ်တယ်ကော်နာမှာ ထွန်းသစ်စနည်းပညာတွေကို အသုံးပြုပြီး ပြသသွားမှာ ဖြစ်ပါတယ်။
Digital Corner ပြခန်းမှာ လာရောက်တဲ့ ပြည်သူတွေအနေနဲ့ MSME နဲ့ ဆက်စပ်ပြီး သိလိုတာတွေ ရှိရင်ဖြစ်ဖြစ်၊ လက်ရှိ MSME ဆောင်ရွက်နေသူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ် မေးမြန်းသိရှိနိုင်မယ့် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု Chat Bot မော်ဒယ်စနစ်ကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
ပြီးတော့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပုဂ္ဂလိကသို့ နည်းပညာလွှဲပြောင်းဆောင်ရွက်မှု (Technology Transfer)တွေ၊ နည်းပညာလွှဲပြောင်းပြီးတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ အစားအသောက် စမ်းသပ်စစ်ဆေးတဲ့ စက်ကိရိယာတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ သုတေသနပြကွက်တွေ၊ စံချိန်စံညွှန်းနဲ့ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေရေးအတွက် စာအုပ်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ MSME ဖွံ့ဖြိုးတိုးတက် လာစေဖို့ မြန်မာဒစ်ဂျစ်တယ်စီးပွားရေးမြေပုံ ၂၀၃၀ ပါ မဟာဗျူဟာမျှော်မှန်းချက်နဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာမဏ္ဍိုင်တွေအလိုက် ဆောင်ရွက်ထားရှိမှုတွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာပြခန်းကို လာရောက်လေ့လာကြည့်ရှုခြင်းဖြင့် ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးချပြီး MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတာကို သိရှိသွားမယ့်အပြင် နည်းပညာပိုင်းလွှဲပြောင်းပံ့ပိုးပေးဖို့ ချိတ်ဆက်ဆောင်ရွက်မှု စတဲ့အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
မေး ။ ။ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်က ဖိတ်ကြားရေးဆပ်ကော်မတီမှာ ဥက္ကဋ္ဌတာဝန်ယူထားရတာဖြစ်လို့ ပြည်သူတွေ လာရောက်လေ့လာကြည့်ရှုကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ လာရောက်ကြည့်ရှုကြတဲ့ သူတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာအပါအဝင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲရဲ့ ပြခန်းပေါင်း ၉၉ ခန်းကနေ တွေ့မြင် သိရှိလိုက်တဲ့ MSME ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို လုပ်ငန်းခွင်တွေ ပြန်ရောက်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်လည်မျှဝေ ဖြန့်ဖြူးပေးကြပါ။ မိမိတို့ရဲ့ လုပ်ငန်းတွေ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆက်လက်အသုံးချဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
အခုလို ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် ဒေသအသီးသီးက ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ပြသခွင့်ရရှိတဲ့အတွက် စီးပွားရေးချိတ်ဆက်မှု (Business Engagement)နဲ့ Supply Chain ကို ပိုမိုအားကောင်းစေနိုင်တဲ့အပြင် ဆန်းသစ်တီထွင်ဒစ်ဂျစ်တယ် နည်းပညာအသုံးချမှုတွေကနေတစ်ဆင့် ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ပြည်တွင်းဖူလုံစွာ ထုတ်လုပ်နိုင်မှုမှသည် နိုင်ငံတကာဈေးကွက်အထိပါ ထိုးဖောက်နေရာယူနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးရည်မှန်းမှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးတို့ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME တင်မက အခြားကဏ္ဍများစွာကို အထောက်အကူပြုနိုင်မယ့် သိပ္ပံနဲ့နည်းပညာ၊ အင်ဂျင်နီယာပညာရပ်တွေကို သုတေသနပြုလုပ်ခြင်း၊ အရည်အသွေးပြည့်မီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ MSME လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာလိုအပ်ချက်တွေရှိရင်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း
ဓာတ်ပုံ-ကိုကြီးထိန်