(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
ဦးမောင်ကြီး (စီးပွားရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ပြခန်းပြင်ဆင်ရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၅ ရက်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြခန်းအပြင်ဘက်မှာ ကျွန်တော်တို့တိုင်းဒေသကြီးမှာရှိတဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေရဲ့ မြို့ပြမှတ်တမ်းဓာတ်ပုံတွေ၊ မြိတ်ကျွန်းစုအလှတွေ၊ ထားဝယ်ရိုးရာ ရေအိုးရွက် အကဓာတ်ပုံတွေကို ပြသသွားမှာဖြစ်ပါတယ်။ ပြခန်းအတွင်းထဲမှာ ပြည်ပပို့ကုန်နဲ့၊ OROP ထုတ်ကုန်တွေ၊ တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ ပုလဲအမျိုးမျိုး၊ ဒေသတွင်းကုန်ကြမ်းသုံး တန်ဖိုးမြှင့်ထုတ်ကုန်တွေ၊ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ပါဝင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင် ၁၀ ဦးရဲ့ ထုတ်ကုန် ပစ္စည်း ၆၆ မျိုးကို ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ အခုပြပွဲပြိုင်ပွဲမှာ ပြည်ပပို့ကုန်နဲ့ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP) လုပ်ငန်းတွေကို အလေးထားပြသရောင်းချနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး MSME လုပ်ငန်းတွေအနေနဲ့ အခုလိုပြပွဲ၊ ပြိုင်ပွဲတွေကို ဝင်ရောက်ပြသယှဉ်ပြိုင်တဲ့အတွက် တိုင်းဒေသကြီးအတွင်းက MSME လုပ်ငန်းရှင်တွေဟာ ဈေးကွက်ချိတ်ဆက်မှု၊ ဒေသတစ်ခုနဲ့ တစ်ခု အပြန်အလှန်ကူးသန်းရောင်းဝယ်နိုင်မှု၊ နည်းပညာနဲ့ သတင်းအချက်အလက်တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှုစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဦးတင်လှ (တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ ရခိုင်ပြည်နယ်က ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်အမယ် ၅၆ မျိုး၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်အမယ် သုံးမျိုး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ထုတ်ကုန်အမယ် တစ်မျိုး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အမယ် ၃၂ မျိုး စုစုပေါင်း အမယ် ၉၂ မျိုး ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကိုယ်စားပြု MSME ထုတ်ကုန်ပြခန်းမှာ ဒေသထွက်ထုတ်ကုန်ပစ္စည်းတွေ ပါဝင်ပြသနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ထုတ်ကုန်ပြပွဲ ပါဝင်ပြသခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ရှင်းလင်းပြောကြားတာ၊ ပြခန်းပြင်ဆင်ရေးအတွက် ပြည်နယ် MSME Agency အတွင်းရေးမှူးကို ကြိုတင်စေလွှတ်ပြီး ကြီးကြပ်ဆောင်ရွက်စေတာ၊ ရိုးရာစားသောက်ခန်းမှာ ရခိုင်ရိုးရာမုန့်တီ ရောင်းချနိုင်ဖို့အတွက် သန့်ရှင်းသပ်ရပ်ပြီး အရသာကောင်းမွန်တဲ့ ရခိုင်မုန့်တီရောင်းချသူတွေကို ချိတ်ဆက်ပြီး ဈေးနှုန်းသင့်တင့်စွာရောင်းချနိုင်ဖို့ ညှိနှိုင်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြိုင်ပွဲမှာ ရခိုင်ပြည်နယ်ကိုယ်စားပြု လုပ်ငန်းရှင်နှစ်ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အငယ်စား (Small) စီးပွားရေးလုပ်ငန်းပြိုင်ပွဲမှာ “ဟိန်းရွှေရောင်”ဓနိဖူး လက်ဖက်ခြောက်လုပ်ငန်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ပြိုင်ပွဲမှာ ရခိုင်ရိုးရာရက်ကန်းလုပ်ငန်းဖြစ်တဲ့ “ရွှေကျား” ရက်ကန်းလုပ်ငန်းက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီလို ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေက လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်လာမှာဖြစ်ပါတယ်။ MSMEလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေခြင်းဖြင့် ဒေသရဲ့လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်လာမယ်။ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပဈေးကွက်တွေကိုပါ ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်တာနဲ့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်။ ပြည်တွင်းကုန်ကြမ်းတွေကို အသုံးပြုပြီး ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းတွေ ပိုမိုထုတ်လုပ်လာနိုင်တာကြောင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်လာမယ်။ ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲတွေကတစ်ဆင့် နည်းပညာတွေ ဖြန့်ဝေပေးနိုင်ခြင်းကြောင့် နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအား တိုးတက်လာပြီး လူမှုစီးပွားဘဝ ပိုမိုမြင့်မားနိုင်မှာဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
ဦးမျိုးလွင် (ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန)
MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ ခေါင်းစဉ်ငါးမျိုးနဲ့ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်းရှင် ၁၃ ဦးက ခင်းကျင်းပြသမှာဖြစ်ပြီး သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်းရှင်လေးဦးက လာရောက်ပြသမှာဖြစ်ပါတယ်။ စိုက်ပျိုး မွေးမြူရေးအခြေခံ ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်းရှင်လေးဦး၊ ပြည်ပပို့ကုန်အနေနဲ့ လုပ်ငန်းရှင်တစ်ဦး၊ One Region One Product ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ လုပ်ငန်းရှင် ၁၀ ဦးက လာရောက်ပြသ ကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အသေးစားလုပ်ငန်းရှင် သုံးဦး၊ အငယ်စားလုပ်ငန်းရှင် သုံးဦး၊ အလတ်စားလုပ်ငန်းရှင် သုံးဦးတို့က ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်တွေအနေနဲ့ ဝိုင်၊ စားသောက်ကုန်လုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ဒေသထွက်ကုန်တွေဖြစ်တဲ့ လက်ဖက်၊ ထောပတ်၊ ကော်ဖီ၊ တိုင်းရင်းဆေး၊ ရိုးရာအဝတ်အထည်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်း စုစုပေါင်းထုတ်ကုန်အမျိုးအစား ၁၆၀၀၀ ကျော်ကို လုပ်ငန်းရှင် ၇၅ ဦးတို့က လာရောက်ပြသရောင်းချမှာဖြစ်ပါတယ်။
ထူးခြားမှုအနေနဲ့ ဝါးကိုအခြေခံတဲ့ အဆောက်အဦ၊ ပရိဘောဂ၊ လက်မှုပစ္စည်းတွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ဒေသထွက်အစားအစာတွေဖြစ်တဲ့ ဝက်သားချဉ်၊ ကြက်သားချဉ်၊ ရှမ်းခေါက်ဆွဲ၊ ကောက်ညှင်းကျည်တောက်၊ ဒေသထွက် ကော်ဖီ၊ ပင်မှည့်ဖျော်ရည်၊ ခေါပုတ်ကြော်၊ ဓနုထမင်းဟင်း၊ တိုဟူးနွေးအပါအဝင် ဒေသထွက်ရိုးရာအစားအစာတွေကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် MSME ပြခန်းတည်ဆောက်ရေးက ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ် Logo ၊ ပြည်နယ်အထိမ်းအမှတ်သင်္ကေတ အိုးစည်၊ ဝါးလက်မှုလုပ်ငန်း၊ လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန် ကြော်ငြာတွေနဲ့ ပြခန်းကို အလှဆင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲက လုပ်ငန်းရှင်တွေအတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ MSME လုပ်ငန်းတွေဖွံ့ဖြိုးလာရင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ့်အပြင် ဒေသထွက်ကုန်ကြမ်းတွေကို ကုန်ချောအဖြစ် ဆောင်ရွက်နိုင်ခြင်းကြောင့် လုပ်ငန်းရှင်တွေအတွက် ဝင်ငွေတိုးတက်ရရှိလာပြီး ဒေသဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထုတ်ကုန်တွေကို အခြားဒေသက လုပ်ငန်းရှင်တွေ သိရှိနိုင်စေဖို့နဲ့ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်စေဖို့ ကျင်းပပေးတာ ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးလည်း ရှမ်းပြည်နယ်ထုတ်ကုန်တွေကို သိရှိနိုင်စေဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့် MSME ပြပွဲကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း၊ ဓာတ်ပုံ-ဖိုးပြည့်စုံ