Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆ ဦး၊ ခွဲစိတ်ရောဂါ ၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃ ဦး၊ ကလေးရောဂါ ၁ ဦး၊ အရိုးရောဂါ ၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁ ဦး၊ မျက်စိရောဂါ ၁၃ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၂၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် ဓာတ်မှန်ရိုက်လူနာ ၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ ၁ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-

“မျက်စိ တိမ်ခွဲတာပါ။ ကြည့်လို့ကောင်းသွားတာပေါ့။ ဆရာဝန်တွေက ကောင်းပါတယ်။ အကုန်လုံး ကုသပေးပါတယ်။ တစ်ခါပြဖူးပါတယ်။ ညာဘက်မျက်လုံးပါ။ အခုက ဘယ်ဘက်မျက်လုံးပါ။ အလင်းရောင်ရသွားတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်။ နယ်လှည့်သင်္ဘောကြီးက အခုလိုလာကုသပေးတဲ့အတွက်၊ ဒီကျွန်းမှာနေထိုင်ကြတဲ့ လူတွေ ကျန်းမာချမ်းသာအောင်လို့ လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဟု မျက်စိဝေဒနာရှင်တစ်ဦးက ပြောကြား သည်။

“ဒီလက်က ဘယ်လိုမှအဆင်မပြေဘူး။ လက်မတစ်ချောင်း အဆင်မပြေတာပါ။ အရိုးအကြောကို ပြတဲ့အချိန်မှာ လက်ကလှုပ်လို့မရဘူး။ လှုပ်လို့မရတဲ့အချိန်မှာ ခွဲစိတ်ပေးပါတယ်။ ကုသမှုအဆင့်တိုင်းကို ဆရာဝန်ကြီးတွေက သေသေချာချာ လုပ်ပေးပါတယ်။ ခွဲစိတ်ပြီးတော့ ဆက်လက်ကုသပေးပါတယ်။ ကျေးဇူးလည်းအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတယ်။ ကျွန်မတို့ဆီမှာ ဆေးဝါးက မပြည့်စုံဘူး။ မပြည့်စုံတဲ့အတွက် ဒီလိုနယ်လှည့်ဆေးအဖွဲ့ လာကုပေးတဲ့အခါ အားရှိကြပါတယ်။ အကုန်လုံးကလည်း မျှော်နေကြပါတယ်။ နှစ်တိုင်းလည်း လာနိုင်အောင်လို့ ဆုတောင်းပေးပါတယ်။” ဟု ခွဲစိတ်ကုသသူတစ်ဦးက ဆိုသည်။

သတင်းစဉ်