(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
မေး။ ။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်လျက်ရှိတယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ ကျင်းပရေးလုပ်ငန်းကော်မတီ အနေနဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီတွေ ဖွဲ့စည်းတာ၊ လုပ်ငန်းတာဝန်တွေ ခွဲဝေသတ်မှတ်ပေးတာ၊ လုပ်ငန်းစီမံချက်ရေးဆွဲတင်ပြတာ၊ လိုအပ်တဲ့ အသုံးစရိတ်တွက်ချက်ပြီး ဦးစီးကော်မတီထံ ကြိုတင်ခွင့်ပြုချက်ရယူဆောင်ရွက်တာ၊ ဆပ်ကော်မတီတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ အသုံးစရိတ်တွေကို ကြီးကြပ်ကွပ်ကဲပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တာတွေကို လုပ်ဆောင်ပေးပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တွေက MSME အေဂျင်စီဥက္ကဋ္ဌတွေက ကျင်းပရေးဦးစီးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ထုတ်ကုန်အမျိုးအစားအဖြစ် ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်ပစ္စည်းတွေ၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်ပစ္စည်းတွေ၊ OROP ထုတ်ကုန်တွေနဲ့ စက်ပစ္စည်းတွေပါဝင်ပြီး စုစုပေါင်းခြောက်မျိုး ပါဝင်ခင်းကျင်းပြသနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ ပြခန်းတွေ ပါဝင်ပြသမှု အခြေအနေကို သိရှိလိုပါတယ်။
ဖြေ။ ။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲမှာ ဝန်ကြီးဌာနပြခန်းတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြခန်းတွေ၊ ရိုးရာအစားအစာရောင်းချဆိုင်ခန်းတွေ၊ လုပ်ငန်းစီးပွားချိတ်ဆက်မှု (B2B)၊ နည်းပညာပြခန်း(Digital Corner)၊ ပြည်ပစက်ပစ္စည်းနဲ့ ထုတ်ကုန်ပြခန်းတွေ၊ လယ်ယာထုတ်ကုန်နဲ့ပတ်သက်တဲ့ ပြည်တွင်းကုမ္ပဏီပြခန်းတွေ၊ အသင်းအဖွဲ့တွေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်သမဝါယမပြခန်းတွေအပါအဝင် ပြခန်းပေါင်း ၉၅ ခန်း ပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးအတွက် တိုင်းရင်းသားရိုးရာအကတွေ၊ ခေတ်ပေါ်တေးသီချင်းတွေ၊ မြန်မာသံစဉ်သီချင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
မေး။ ။ MSME ထုတ်ကုန်ပြိုင်ပွဲမှာ ဘယ်လိုဆုတွေ ပေးအပ်သွားမယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ MSME ပြပွဲနဲ့ ပြိုင်ပွဲတွေကို အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနဲ့ သမဝါယမကုန်ထုတ်အသင်းတွေ ယှဉ်ပြိုင်ဖို့ စံသတ်မှတ်ချက် Criteria တွေအနေနဲ့ ကုန်ထုတ်လုပ်မှု Supply Chain တစ်လျှောက် ပြည်တွင်းကုန်ကြမ်းတွေအသုံးပြုတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာ၊ ဆန်းသစ်တီထွင်နိုင်တာနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အမယ်တွေ ထုတ်လုပ်နိုင်တာ၊ ထုတ်ကုန်ရဲ့ အရည်အသွေးမှန်ကန်တာ၊ သန့်ရှင်းသပ်ရပ်တာ၊ အမှတ်တံဆိပ်နဲ့ ထုပ်ပိုးမှုကောင်းမွန်တာ၊ ဈေးကွက်လိုအပ်ချက်ကိုက်ညီတဲ့ ပြည်ပသွင်းကုန်အစားထိုးပြည်တွင်းထုတ်ကုန်တွေ ထုတ်လုပ်နိုင်တာနဲ့ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်တာ၊ ဈေးကွက်ထိုးဖောက်နိုင်မှုနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ရေး အစီအမံတွေဆောင်ရွက်ထားတာ၊ ထုတ်ကုန်အရည်အသွေးနဲ့ လုပ်ငန်းတိုးတက်ရေးကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး နည်းပညာနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုတွေ ဆောင်ရွက်တာ၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှု ကောင်းမွန်တာ၊ လုပ်ငန်းဆိုင်ရာအသိအမှတ်ပြုလက်မှတ်တွေရရှိတာ၊ ဒစ်ဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်းမှုမှာ လိုက်ပါဆောင်ရွက်တာ၊ စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်တာ၊ အစိမ်းရောင်ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်တာ၊ ထုတ်ကုန်တွေ ပြန်လည်အသုံးပြုတဲ့ ပတ်လည်စီးပွားရေးစနစ် (Circular Economy) ကျင့်သုံးဖော်ဆောင်တာဆိုပြီး စံသတ်မှတ်ချက်တွေ သတ်မှတ်ထားပါတယ်။
ပြိုင်ပွဲခေါင်းစဉ် အမျိုးအစားခြောက်မျိုးအနက် လေးမျိုးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းအနေနဲ့ စံပြထုတ်ကုန်ဆုလေးဆုတို့ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်း၊ အငယ်စားစီးပွားရေးလုပ်ငန်း၊ အလတ်စားစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဆု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း(SSID) စံပြ ထုတ်ကုန်ဆု(စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှု)၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ဒေသ ၁၅ ခုအတွက် ဆု ၁၅ ခုဆိုပြီး ဆုအမျိုးပေါင်း ၃၁ မျိုးကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဒီလို MSME ပြပွဲ၊ ပြိုင်ပွဲတွေက ဘယ်လိုအကျိုးပြုတယ်၊ အထောက်အကူပြုတယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ ။ MSME လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်ကုန်ပြပွဲပြိုင်ပွဲမှာ လာရောက်ပြသရောင်းချခြင်း အားဖြင့် လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက် (Supply Chain)တစ်လျှောက် ဒေသတစ်ခုရဲ့ လိုအပ်ချက်ကို အခြားဒေသက ဖြည့်ဆည်းလာနိုင်မှာ ဖြစ်ပါတယ်။ အားသာချက်အားနည်းချက်တွေကို သိမြင်လာစေပြီး ထုတ်ကုန်ပစ္စည်းတွေအနေနဲ့ “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရမယ်၊ ပစ္စည်းချင်းတူပါက အရည်အသွေးကောင်းရမယ်”ဆိုတဲ့အတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ ဒေသအသီးသီးက ထုတ်ကုန်တွေကို အများပြည်သူတွေ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းတွေကနေ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေတဲ့ အကျိုးတွေဖြစ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆုရရှိတဲ့ လုပ်ငန်းရှင်တွေက နိုင်ငံတော်အဆင့်ဖြစ်တဲ့အတွက် မိမိတို့ Brand က တစ်ခါတည်း ထိုးဖောက်ပြီး ဈေးကွက်လည်း ရရှိသွားမှာဖြစ်ပါတယ်။ Digital Corner တွေ ပါဝင်တဲ့အတွက် MSME လုပ်ငန်းရှင်တွေအနေနဲ့ Digital အသွင်ကူးပြောင်းနိုင်ရေးအတွက် လိုအပ်တဲ့ နည်းပညာ၊ အသိပညာ၊ ဗဟုသုတတွေ၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားမှာဖြစ်ပါတယ်။
MSME ထုတ်ကုန်တွေက ပြည်ပကို တင်ပို့နိုင်ဖို့ လိုအပ်တဲ့အရည်အသွေးတွေ၊ လုပ်ငန်းစဉ်တွေကို ဒီပြပွဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေ ပံ့ပိုးကူညီကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ သွင်းကုန်အစားထိုးထုတ်ကုန်တွေ၊ ပြည်ပပို့ကုန် (Export)တွေ တိုးမြှင့်နိုင်ပြီး နိုင်ငံခြားဝင်ငွေတွေ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။ သွင်းကုန်အစားထိုး ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက် ပေးနိုင်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ကျစေပြီး ပြည်တွင်းစီးပွားရေးကို ဦးမော့လာစေမှာ ဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်ရာရောက်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး လူမှုစီးပွားဘဝတိုးတက်လာစေမှာ ဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ။ ပြပွဲပြိုင်ပွဲမှာ ကဏ္ဍပေါင်းစုံက လာရောက်ပြသမှာဖြစ်တဲ့အတွက် ပြည်သူတွေ MSME လုပ်ငန်းစတင်လိုသူတွေနဲ့ တကယ်လုပ်ကိုင်နေတဲ့ လူတွေအတွက် အခွင့်အရေးတွေ၊ အသိပညာ၊ နည်းပညာ၊ စီးပွားရေးဗဟုသုတတွေ များစွာရရှိမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း၊ ဓာတ်ပုံ- ကိုကြီးထိန်