နေပြည်တော် ဇန်နဝါရီ ၂၉
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ကချင်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ကချင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးနှင့် Road Safety Audit အဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံမှန်ကန်ညီညွတ်စေရေးအတွက် ဒေသကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်လျက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ လမ်းမကြီးများနှင့် ပြည်ထောင်စုလမ်းမကြီးများ၌ နှစ်အလိုက် ခွင့်ပြုဘဏ္ဍာငွေများ ခွဲဝေချထားပြီး အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကြီးနားမြို့သည် ပြည်နယ်မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံမှန်ကန်ညီညွတ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးအကြံပြုချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံမှန်ကန်ညီညွတ်စေရေးလုပ်ငန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထားကြိုးပမ်းဆောင်ရွက်ကြရန်၊ ခရိုင်/ မြို့နယ်အလိုက် ပူးပေါင်းအဖွဲ့များ စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ပြီး Road Safety Audit မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြရန်၊ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍ လိုအပ်သည့်ပြုပြင်မွမ်းမံမှု၊ အသစ်တိုးချဲ့ရေးဆွဲစိုက်ထူမှု များအား သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ပြည့်စုံညီညွတ်မှန်ကန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် လမ်း၏အင်္ဂါရပ်နှင့် အဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် အသစ်ဖြည့်ဆည်းခြင်း၊ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရန်၊ မြို့ကြီးများတွင်သာမက ခရိုင်အလိုက်၊ မြို့နယ်အလိုက် ဦးစားပေးနေရာ၊ ဦးစားပေးလမ်းပိုင်းများ ရွေးချယ်သတ်မှတ်ပြီး အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုဘဏ္ဍာငွေများကို ထိရောက်အကျိုးရှိစွာသုံးစွဲလျက် ပြည်နယ် အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ လျာထားချက် ပြည့်စုံပြီးမြောက်အောင် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်သွားလာမှုအင်ဂျင်နီယာဌာနခွဲ အင်ဂျင်နီယာမှူးကြီးက ကချင်ပြည်နယ်၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သုံးသပ်ဖော်ထုတ်ချက်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု၊ ကွင်းဆင်းစစ်ဆေးကြီးကြပ်မှုများနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ ရေးဆွဲစိုက်ထူရေးဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ ကချင်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်နယ်အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှု၊ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ၊ အသစ်တိုးချဲ့ရေးဆွဲစိုက်ထူပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ သုံးသပ်ဆွေးနွေးမှာကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် တာဝန်ရှိသူများ၊ Road Safety Audit အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ရေးဆွဲစိုက်ထူဆောင်ရွက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်