နေပြည်တော် ဇန်နဝါရီ ၂၉
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
ဦးတင်ဦး (စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်တော်တို့တိုင်းဒေသကြီးအနေနဲ့ ဒေသတွင်းက MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို ပါဝင်ပြသမှာဖြစ်ပါတယ်။ ပြီးတော့ MSME ထုတ်ကုန်ပြိုင်ပွဲမှာလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားမှုနဲ့အညီ တိုင်းဒေသကြီး ကိုယ်စားပြုပြခန်း ပြသနိုင်ဖို့ ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြခန်းပြင်ဆင်ရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၅ ရက်အမီ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ရိုးရာအစားအစာ၊ ဒေသအစားအစာ အရောင်းပြခန်းလည်း ပါဝင်မှာဖြစ်ပါတယ်။
ဟင်္သာမောင်နှံ၊ ကမ္ဘောဇသာဒီ နန်းတော်စတဲ့ ပဲခူးတိုင်းဒေသကြီးရဲ့အထိမ်းအမှတ် သင်္ကေတတွေနဲ့ ပြခန်းကို တိုင်းဒေသကြီးကိုယ်စားပြုဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီ၊ သစ်သီးထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးက ထွက်ရှိတဲ့ ကုန်ကြမ်းကို အခြေခံတဲ့ထုတ်ကုန်တွေကို တန်ဖိုးမြင့် ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပြီး သွင်းကုန်အစားထိုးနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေတဲ့ ဒေသက MSME လုပ်ငန်းတွေ၊ MSME တီထွင်ဆန်းသစ်မှု လုပ်ငန်းတွေ၊ စက်မှုလက်မှုနဲ့ ထုတ်ကုန်ပစ္စည်းတွေ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။
အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်တွေအပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်းတွေလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီးတော့ သက်ဆိုင်ရာပြိုင်ပွဲကျင်းပရေးကော်မတီကနေ စံသတ်မှတ်ချက်တွေ သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးက ခင်းကျင်းပြသမယ့် ထုတ်ကုန်အမျိုးအစားက ၄၄ မျိုးရှိပြီး ပစ္စည်းအမယ်ပေါင်းက ၅၇၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ဒီလို ပြပွဲတွေ၊ ပြိုင်ပွဲတွေက ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ MSME လုပ်ငန်းတွေကို အများကြီးအထောက်အကူပြုပါတယ်။ လာရောက်ရောင်းချတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မိပြီး ဈေးကွက်ကျယ်ပြန့်စွာ ရရှိစေမှာပဲ ဖြစ်ပါတယ်။
ဦးတင်အေး (စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ တိုင်းဒေသကြီးရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ပုသိမ်ထီး၊ ပုသိမ်ဟာလဝါ၊ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်တွေနဲ့ ဓာတုကင်းလွတ် ဧရာဝတီပေါ်ဆန်းဆန်ကို အထူးထုတ်ကုန်အနေနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ (One Region One Product- OROP) ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ ရေကြည်မြို့နယ်မှာ ဓာတုကင်းလွတ် ဧရာဝတီပေါ်ဆန်းဆန်ကို ထုတ်လုပ်နေပါတယ်။ ကျုံပျော်မြို့နယ်မှာ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ထုတ်တဲ့ ပီလောပီနံစိုက်ခင်းရှိပြီး ထုတ်လုပ်နေပါတယ်။ မအူပင်မြို့နယ်မှာ သားငါးမွေးမြူထုတ်လုပ်မှုတွေ၊ ဖျာပုံမြို့နယ်မှာ ပြည်ပတင်ပို့မှုအတွက် ပေါင်းဆန်လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ လပွတ္တာမြို့နယ်မှာ ကဏန်းပျော့လုပ်ငန်းကို OROP အနေနဲ့ ထုတ်လုပ်နေ တာတွေရှိပါတယ်။
ဒီပြပွဲပြိုင်ပွဲတွေက တိုင်းဒေသကြီးရဲ့ MSME လုပ်ငန်းတွေကို များစွာအထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေက တစ်နိုင်ငံလုံး က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရတဲ့အတွက် အတွေးသစ်၊ အမြင်သစ်တွေ ရရှိလာမယ်။ သူတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဘယ်လောက်အထိ စွမ်းအားမြင့်ထုတ်လုပ်နိုင်မယ်ဆိုတဲ့ နည်းပညာအသစ်အဆန်းတွေ တွေ့လာမယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေကို တွေ့မြင်လာပြီး အတုယူဆောင်ရွက်လာနိုင်မယ်။ အထူးသဖြင့် ဈေးကွက်အသစ်တွေ ထပ်မံရရှိလာပြီး အချင်းချင်း ပေါင်းစပ်ဖလှယ်နိုင်တဲ့ အတွက် တိုင်းဒေသကြီးရဲ့ MSME လုပ်ငန်းတွေက ဒီပြပွဲပြိုင်ပွဲကြောင့် တိုးတက်လာ မှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီးပြခန်းမှာ ပုသိမ်စက်မှုဇုန်က ဖန်တီးထုတ်လုပ်ထားတဲ့ လက်ဆွဲကောက်စိုက် စက်တွေ၊ ပန်းတနော်မြို့နယ်က ထုတ်လုပ်ထားတဲ့ ခြွေလှေ့စက်တွေ၊ ဖျာပုံမြို့နယ်က အစေ့ချစက်တွေကိုလည်း ပြသရောင်းချသွားမှာဖြစ်ပါတယ်။ MSME လုပ်ငန်းတွေက တစ်နိုင်ငံလုံးမှာ ပျံ့နှံ့တည်ရှိနေပြီး သူ့ဒေသ၊ ကိုယ့်ဒေသ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ နိုင်ငံတော်က အခုလိုစေတနာထားပြီး တစ်နိုင်ငံလုံးက MSME လုပ်ငန်းတွေကို စုစည်းပြီးပြသလိုက်တဲ့အခါ လုပ်ငန်းရှင်အချင်းချင်း နီးစပ်သွားတယ်။ တစ်ဦးနဲ့တစ်ဦး အမြင်ချင်းဖလှယ်၊ အသိချင်းဖလှယ်ပြီး ဆောင်ရွက်နိုင်တဲ့အတွက် MSME လုပ်ငန်းကဏ္ဍတစ်ခုလုံး များစွာ အကျိုးကျေးဇူးရရှိသွားမှာ ဖြစ်ပါတယ်။
ဦးဝင်းဦး (ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန)
ကျွန်တော်က ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ခြင်းနဲ့ ဖျော်ဖြေရေးဆပ်ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ရပါတယ်။ ဖွင့်ပွဲနေ့အပါအဝင် ပိတ်ပွဲနဲ့ ဆုချီးမြှင့်ပွဲတွေပါဝင်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်နေတာ အခုဆိုရင် ၇၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။ နေပြည်တော်ကောင်စီအနေနဲ့ အဓိကအားဖြင့် ပြည်တွင်းကုန်ကြမ်းကို အခြေခံပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ၊ သွင်းကုန် အစားထိုးလုပ်ငန်းတွေ၊ ပြည်ပတင်ပို့နေတဲ့လုပ်ငန်းတွေ၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ (One Region One Product -OROP) ဒေသတစ်ခု ထုတ်ကုန်တစ်ခု စတာတွေကို အခြေခံပြီး ပြသသွားမှာဖြစ်ပါတယ်။ လုပ်ငန်းရှင် ၅၃ ဦးက ထုတ်ကုန်အမယ် ၂၀၀ ကျော်၊ ၃၀၀ နီးပါး ပါဝင်ပြသရောင်းချမှာဖြစ်ပါတယ်။ တပေါင်းကွင်းမှာ လာမယ့်ဖေဖော်ဝါရီ ၈ ရက်အမီ အကြိုလေ့ကျင့်ခင်းကျင်းမှာဖြစ်ပါတယ်။ နေပြည်တော်အနေနဲ့ ထူးခြားမှုက အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မရှိသေးတဲ့ စပါးမျိုးစေ့တွေပြသမယ်။ လယ်ယာသုံးစက်ကိရိယာတွေကို တီထွင်ဆန်းသစ်မှုအနေနဲ့ မျိုးစေ့ချစက်တွေကို နေပြည်တော် လယ်ဝေးမှာ ထုတ်လုပ်နေတာဖြစ်ပြီး ဒါတွေကို ဒီပွဲမှာ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားစီစဉ် ထားတာက ပရိသတ်ကို ဆွဲဆောင်မှုအနေနဲ့ ညနေပိုင်းဖျော်ဖြေရေးအစီအစဉ်တွေမှာ နေ့စဉ် နာမည်ကျော်အနုပညာရှင် တစ်ဦးစီက တေးဂီတအဖွဲ့တွေနဲ့ တွဲဖက်သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲအတွက် ရည်ရွယ်ပြီး MSME နဲ့ သက်ဆိုင်တဲ့ အနှစ်သာရတွေပါဝင်တဲ့ သီချင်းအသစ် ရေးစပ်ထားပြီး ဒီသီချင်းကို အကအလှ တွေနဲ့ တွဲဖက်ဖျော်ဖြေ တင်ဆက်မှာဖြစ်ပါတယ်။ MSME ပြပွဲပြိုင်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စုစည်းလာရောက် ကြမယ်။ ကုမ္ပဏီတွေလည်းပါမယ်။ အသင်းအဖွဲ့တွေလည်း ပါဝင်မယ်။ Business Matching တွေလည်း ပါဝင်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်လာမယ် ဒါ့အပြင် ပြည်သူတွေမသိသေးတဲ့ အမယ်သစ်တွေကို ဈေးကွက်အတွင်း မိတ်ဆက်ထိုးဖောက်နိုင်လာမယ်စတဲ့ စီးပွားရေးအခွင့်အလမ်း တွေကိုလည်း ရရှိလာမှာဖြစ်ပါတယ်။
ဝင်းဝင်းမင်း
ဓာတ်ပုံ - ဖိုးပြည့်စုံ