Skip to main content

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်သည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၌ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပါဝင်ကြမည့် MSME လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ပြီးအဆိုပါပြိုင်ပွဲများ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဆုရွေးချယ်ရေးနှင့် ချီးမြှင့်ရေးဆပ်ကော်မတီအတွင်းရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-

မေး။   ။ MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ ဘယ်လို MSME လုပ်ငန်းအမျိုးအစားတွေ ပါဝင်ယှဉ်ပြိုင်နိုင်တယ်ဆိုတာ အရင်ဆုံး ဖြေကြားပေး စေလိုပါတယ်။

ဖြေ။    ။ MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာပြိုင်ပွဲ အမျိုးအစားခြောက်မျိုး ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးအစားတွေကတော့ အသေးစားထုတ်ကုန်တွေ (Micro Enterprises)၊ အငယ်စားထုတ်ကုန်တွေ (Small Enterprises)၊ အလတ်စားထုတ်ကုန်တွေ (Medium Enterprises) ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုထည် စတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်တွေ၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်နဲ့ ပြည်နယ်/တိုင်းဒေသကြီး ၁၅ ခုက ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်တွေဆိုပြီးတော့ ပါဝင်မှာဖြစ်ပါတယ်။

မေး။   ။ ဆုတွေကို ဘယ်လိုချီးမြှင့်သွားမယ်ဆို တာ သိပါရစေ။

ဖြေ။    ။ အသေးစား (Micro) ထုတ်ကုန်ဆု၊ အငယ်စား (Small) ထုတ်ကုန်ဆု၊ အလတ်စား (Medium) ထုတ်ကုန်ဆု၊ ကုန်ထုတ်သမဝါယမ အသင်းတွေရဲ့ စွမ်းဆောင်ရည်ဆုတွေချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယဆိုပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမဆု ငွေကျပ်သိန်း ၃၀၊ ဒုတိယဆု ငွေကျပ်သိန်း ၂၀ ၊ တတိယဆု ငွေကျပ် ၁၀ သိန်း သတ်မှတ်ထားပါတယ်။ အသေးစားစက်မှု လက်မှုလုပ်ငန်း ထုတ်ကုန်ဆုမှာတော့ စားသောက်ကုန် စံပြထုတ်ကုန်ဆု၊ လူသုံးကုန်စံပြထုတ်ကုန်ဆု၊ ရက်ကန်းစံပြထုတ်ကုန်ဆု၊ လက်မှုထည် စံပြထုတ်ကုန်ဆုဆိုပြီး လေးမျိုးသတ်မှတ်ထားပြီးတော့ တစ်မျိုးကို ငွေကျပ် ၁၅ သိန်း ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီအတွက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) တစ်ဆုစီ ရွေးချယ်သတ်မှတ်ပေးမှာ ဖြစ်ပြီးတော့ ငွေကျပ်သိန်း ၃၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။ စုစုပေါင်းဆု ၃၁ ဆုကိုချီးမြှင့်မှာ ဖြစ်ပါတယ်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဆုလက်မှတ်၊ ဆုတံဆိပ် Trophy ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ငွေတွေကို Digital Payment နဲ့ ချီးမြှင့် နိုင်ဖို့အတွက် Application ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ရေးဆွဲပေးလျက်ရှိပါတယ်။

မေး။   ။ ဒီလိုဆုတွေ ချီးမြှင့်ပေးနိုင်ဖို့ ဆုရွေးချယ် ရေးအဖွဲ့တွေ ဘယ်လိုဖွဲ့စည်းဆောင်ရွက်နေတယ်ဆို တာသိပါရစေ။

ဖြေ။  ။ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနဲ့ ဆုချီးမြှင့်ရေးဆပ်ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်ထားပါတယ်။ ဒီအဖွဲ့မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတော့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနတို့က အဖွဲ့ဝင်တွေအဖြစ် ပါဝင်ဆောင်ရွက်ပါမယ်။ ဒါ့အပြင် ဒိုင်ချုပ်တစ်ဖွဲ့နဲ့ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအတွက် အကဲဖြတ်ဒိုင်ခြောက်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ အစိုးရဌာနဆိုင်ရာတွေက ဘာသာရပ်ကျွမ်းကျင်သူတွေ ပါဝင်သလို ပုဂ္ဂလိကကဏ္ဍက MSME စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ဒိုင်အဖွဲ့ခြောက်ဖွဲ့နဲ့ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။   ။ ဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။  ။ ဆုရွေးချယ်မှုအနေနဲ့ ကုန်ထုတ်လုပ်မှု Supply Chain တစ်လျှောက် ပြည်တွင်းက ကုန်ကြမ်းတွေအသုံးပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း၊ ဆန်းသစ်တီထွင်နိုင်ခြင်းနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အမယ်တွေ ထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်ရဲ့ အရည်အသွေးမှန်ကန်ခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်း၊ အမှတ်တံဆိပ်နဲ့ ထုပ်ပိုးမှုကောင်းမွန်ခြင်း၊ ဈေးကွက်လိုအပ်ချက်ကိုက်ညီတဲ့ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တွေ ထုတ်လုပ်နိုင်ခြင်းနဲ့ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း စတဲ့စံသတ်မှတ်ချက်တွေနဲ့ ရွေးချယ်ဆောင်ရွက်မှာဖြစ်ပါတယ်။

မေး။   ။ ဒီလိုပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုအထောက် အကူပြုနိုင်တယ်ဆိုတာ သိပါရစေ။

ဖြေ။  ။ ဒီလိုပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် ဒေသတွင်း MSME လုပ်ငန်းတွေရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေဖို့၊ တန်ဖိုးမြှင့်ထုတ်ကုန် အမယ်အသစ်တွေကို ပြည်တွင်းမှာ ပိုမိုသုံးစွဲနိုင်ဖို့၊ ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်စေဖို့၊ ဒေသအလိုက်ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ဖို့၊ MSMEတွေနဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူတွေ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေဖို့၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုတွေ ပေးအပ်နိုင်စေဖို့နဲ့ MSME လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်စေဖို့များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။

မေး။ ။ ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက် ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။    ။ နိုင်ငံတကာမှာ MSME လုပ်ငန်းတွေက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်း ကဏ္ဍကပါဝင်နေပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် နိုင်ငံ့စီးပွားရေးလည်း အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကနေ ဒေသအသီးသီးက လုပ်ငန်းရှင် အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ဈေးကွက်ပိုမိုချိတ်ဆက်နိုင်မှုတွေ ရရှိလာမှာဖြစ်ပြီး MSME လုပ်ငန်းတွေပိုမိုဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေ၊ ဒေသဆိုင်ရာဗဟုသုတတွေ၊ အဆင့်မြင့်ထုတ်လုပ်လာတဲ့ ပြည်တွင်းတန်ဖိုးမြှင့် ထုတ်ကုန်တွေကို လာရောက်လေ့လာအားပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ဝင်းဝင်းမင်း၊ ဓာတ်ပုံ- ပြည့်စုံ