Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ နဝမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ

သန်လျင် ဇန်နဝါရီ ၂၅

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်များအတွက် နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အစီအစဉ် နှစ်ရပ်ဖြင့်ကျင်းပခဲ့ပြီး ပထမပိုင်းအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက တက်ရောက်ချီးမြှင့်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်းတွင် အမှတ်အများဆုံးရရှိသော ကျောင်းသား ကျောင်းသူများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်လက်ရွေးစင် ဘောလုံးအားကစားသမား မောင်ဗိုဆန်းထွန်းအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တက္ကသိုလ်ဘွဲ့ရ ကျောင်းသား ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်အပ်နှင်းခြင်းနှင့် ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားသည်။

အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မဟာဘွဲ့ ၂၀၊ ဘွဲ့လွန်ဒီပလိုမာလေးဦး၊ အထူးပြု ဘာသာရပ်များအလိုက် စီးပွားရေးသိပ္ပံဘွဲ့ရရှိသူ ၁၃၅ ဦး၊ Advanced Diploma in Business Management ဒီပလိုမာလက်မှတ်ရ ၁၇ ဦး၊ Higher Diplomain Business Management ဒီပလိုမာလက်မှတ်ရ ၁၀ ဦး၊ စုစုပေါင်းတက်ရောက်ဘွဲ့ယူသူနှင့် ဒီပလိုမာလက်မှတ်ယူသူ ၁၈၆ ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ ၅၈ ဦး၊ အဝေးရောက်ဒီပလိုမာ လက်မှတ်ယူသူ ၄၈ ဦးတို့အား လက်မှတ်များ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

သတင်းစဉ်