Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ရောက်ရှိကြပြီး ဘာသာရပ်အလိုက် ယှဉ်ပြိုင်နေသည့် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးကာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့်အားကစားပစ္စည်းများကို ပေးအပ်သည်။

ထို့နောက် တက္ကသိုလ်ဘက်စုံသုံးခန်းမရှေ့ မြေယာရှုခင်းအလှပြုပြင်ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ တက္ကသိုလ်လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ် (Social Innovation Support Unit) တွင် စာသင်ချိန်ပြင်ပတက္ကသိုလ်လှုပ်ရှားမှုအစီအစဉ်ဖြင့် ခဲပန်းချီရေးဆွဲခြင်း၊ စက္ကူဖြင့် ပြုလုပ်သော လက်မှုအနုပညာများ၊ ချည်ထိုးလက်မှုပညာလက်တွေ့ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသော ပဲတီစိမ်း ၁၀ ဧက စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး သုတေသနလုပ်ငန်းများ အဆင့်မြင့်မားရေးကြိုးစားဆောင်ရွက်ကြရန်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် သမဝါယမဦးစီးဌာန၏ သီးနှံစိုက်ခင်းမှထွက်ရှိသော New Green F1 စပ်မျိုးဘရိုကိုလီပန်းစိမ်းပွင့်များကို လက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ သန်လျင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဘုရားကုန်းကျေးရွာ အဝင်လမ်း ၃၃၈၇ ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်