ထားဝယ် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ထင်ရှားပြီးခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သော ပင်လယ်ကမ်းခြေများနှင့် ကျွန်းများ၏အခြေအနေ၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှု၊ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ ကျွန်းများပေါ်တွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြသည့် ဟိုတယ်စီမံကိန်းလုပ်ငန်းများ၏ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ထားဝယ်အထူး စီးပွားရေးဇုန်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်