Skip to main content

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ စာပေဟောပြောခြင်းနှင့် သုတ၊ ရသစာအုပ်များနှင့် ဘုရားရှိခိုးစာအုပ်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ စာပေဟောပြောပွဲအခမ်းအနားနှင့် Naypyitaw State Polyte-chnic University၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဓနအလင်းရောင်စာကြည့်တိုက်များသို့ သုတ၊ ရသစာအုပ်များနှင့် ဘုရားရှိခိုးစာအုပ်များလှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အစိုးရစက်မှုလက်မှုသိပ္ပံရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဒုတိယပါမောက္ခချုပ် (စီမံ)၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (DTVET) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီး၊ ဓနအလင်းရောင်စာကြည့်တိုက်ဥက္ကဋ္ဌ၊ ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်က ဘာသာရေးဆိုင်ရာနှင့် အထွေထွေဗဟုသုတများကို ဟောပြောသည်။

ထို့နောက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ဒုတိယဝန်ကြီးက စာအုပ်များလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သိပ္ပံနှင့်နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သုတ၊ ရသစုံစာအုပ်များနှင့် ဘာသာရေးဆိုင်ရာ စာအုပ်များကို Naypyitaw State Polytechnic University ဒုတိယ ပါမောက္ခချုပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီးနှင့် ဓနအလင်းရောင်စာကြည့်တိုက်ဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ယနေ့ အခမ်းအနားတွင် Naypyitaw State Polytechnic University သို့ ၂၀၉ အုပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံသို့ စာအုပ် ၇၀၃ အုပ်၊ ဓနအလင်းရောင်စာကြည့်တိုက်သို့ ၃၇၁ အုပ် စုစုပေါင်း ၁၂၈၃ အုပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်