နေပြည်တော် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၌ ငွေကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၁၆) ရပ်ကွက် မာလာမြိုင် (၆)လမ်းထိပ်တွင် ဦးမောင်မြင့်စိုး (ခ) ခိုင်ကျော်မင်း (ခ) ကိုမင်း၊ ဝင်းဗိုလ် (ခ) ဦးရခိုင်နှင့် ဦးမောင်မိုးညွန့် (ခ) မိုးချေတို့သုံးဦးအား သတင်းအရရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ခရီးဆောင်အိတ်နှစ်လုံးအတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၆ ရက် နံနက် ၁ နာရီတွင် လှည်းကူးမြို့နယ် ဂွေးတောက်အိုင်ကျေးရွာအုပ်စု ဒေါင်းမြီးကွက်ကျေးရွာတွင် ကိုကိုနိုင် (ခ) စိန်ရွှေအောင် (ခ) ကျော်လင်း (ခ) ဂိုးကြီးနှင့် ဦးကြည်စိုးတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် ကျော်ဝင်းနိုင် (ခ) ဖိုးထူးအား ဇမ္ဗူသီရိမြို့နယ်သပြေကုန်းဈေးတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၈၆၆၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု လွယ်စီတုံ (အောက်) ကျေးရွာ ပုံလို့လမ်းမပေါ်တွင် ယဲဆောင် (ခ) လီဂျူးမောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် လွယ်စီတုံ (အောက်) ကျေးရွာ ရွာလယ်လမ်းတွင် လော်လို့ (ခ) အားလို့နှင့် အားချိတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်