နေပြည်တော် ဇန်နဝါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား Exploring Myanmar Culture &Tourism Organization ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်ဖက်သတင်းမီဒီယာကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး၊ အစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ချစ်ကြည်ရင်းနှီးရေးအတွက် မီဒီယာမှတစ်ဆင့် ဖော်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်၊ သတင်းမှန်များကို တရုတ်နိုင်ငံပြည်သူများ သိရှိအောင် မီဒီယာပလက်ဖောင်းမျိုးစုံမှ ဖော်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့အကြား မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တရုတ်ဗဟိုအသံနှင့် ရုပ်မြင်သံကြားဌာန China Media Group (CMG) တို့သည်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန (GXRTV) တို့သည်လည်းကောင်း၊ Yunnan International Channel ၏ အွန်လိုင်းရုပ်မြင်သံကြားထုတ်လွှင့်မှု Platform ဖြစ်သည့် Yunnan Media Group မှ တည်ဆောက်ထားသော Mekong Look App တွင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင် (Mekong Look App Cooperation Framework) ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆင်ဟွာသတင်းအေဂျင်စီနှင့်လည်းကောင်း၊ MYANSAT DTH အမည်ဖြင့် ရုပ်သံလိုင်းများ ထုတ်လွှင့်သည့် Borderless Broadcast Co.,Ltd. နှင့် DTH စနစ်ဖြင့် ရုပ်သံလိုင်းများ ထုတ်လွှင့်ရန်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Borderless Broadcast Co.,Ltd. သည် China Rocket ကုမ္ပဏီလီမိတက်၊ Laosat ကုမ္ပဏီနှင့် ပူးပေါင်း၍ Laosat 1 Satellite ကို အသုံးပြုကာ China Aerospace Science and Technology Corporation (CASC) ၏ Multi Village Plan၊ Sky Star Class Room Plan တို့ဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသအထိ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာအသိပညာ၊ လူငယ်များအတွက် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှုများ လျှော့ချနိုင်ရန်၊ နှစ်နှစ်အတွင်း မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၄၂ ရွာမှ ကျေးရွာပေါင်း ၁၀၀ အထိ MYANSAT DTH စက်ပစ္စည်းများအပြင် TV နှင့် Solar စနစ် Battery များကို အဆင့်လိုက် တိုးချဲ့လှူဒါန်းနိုင်ရန် China AID အကူအညီရယူပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်