Skip to main content

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်

နေပြည်တော် ဇန်နဝါရီ ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၁၇-၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ခ) တွင် “သဘာဝဘေးအန္တရာယ်” ဆိုသည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင် ပါဝင်သောကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင်ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ကာ တရားမဲ့နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ်စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရသဖြင့် ခေတ္တနေရပ်စွန့်ခွာလာရသူများလည်း ပါဝင်ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့် နေထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူများအားလုံးသည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်းသိရသည်။ သို့ပါ၍ ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံး ပါဝင်အောင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရှိရသည်။