နေပြည်တော် ဇန်နဝါရီ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်နှင့် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တို့၌ ဧည့်စာရင်းတိုင်ကြားပြီး လာရောက်နေထိုင်ကြသည့် အိမ်ထောင်စုများ စာရင်းပြုစုထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် အတွင်းရှိ နှင်းရာဇာသောက်ရေသန့်စက်ရုံအတွင်း ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ” တွင် ဝင်ရောက်ယှဉ်ပြိုင်ပြသမည့် လယ်ယာသုံးစက်ကိရိယာများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာတောင်သူ ဦးအောင်ကိုထက် ကိုယ်တိုင်တီထွင်ထားသည့် လက်ဆွဲကောက်စိုက်စက် ထုတ်လုပ်တပ်ဆင်နေမှုကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေသည့် နေပြည်တော်အတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ချောင်းမငယ်ဆည်ရေကို ဆင်အုံကန်မှတစ်ဆင့် တစ်နေ့လျှင် ရေဂါလန်ခြောက်သန်း ရေပေးဝေရေးစနစ်အတွက် ရေပိုက်များသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာစီမံကိန်း အပိုင်း (၂) တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမျိုးသားပရဆေးဥယျာဉ်အတွင်း ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှု၊ တိုင်းရင်းဆေးပညာပြတိုက်အတွင်း ဆေးဝါးဖော်စပ်ထားမှု၊ အသုံးပြုပုံများ ခင်းကျင်း ပြသထားမှုနှင့် ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်