Skip to main content

မြန်မာနိုင်ငံသတင်းစာဆရာအသင်း စတုတ္ထအကြိမ် နှစ်ပတ်လည်ညီလာခံနှင့် တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ် နှစ်ပတ်လည်ညီလာခံနှင့် တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ် ကြီးငါးကြီးဆုတောင်းပြည့်ဘုရားရင်ပြင်တော်၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြတ်ခိုင်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ တတိယအကြိမ် သက်တမ်းအတွင်းလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဒုတိယဥက္ကဋ္ဌ ဦးသက်တင်က ဖတ်ကြားတင်ပြပြီး စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရန် စီစဉ်ထားရှိမှုကို တွဲဖက်အတွင်းရေးမှူး (၁) ဦးတင်ဝင်းက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရွေးချယ်တင်မြှောက်ပွဲအတွက် မဲပေးပုံနည်းစနစ်များကို ရွေးချယ်တင်မြှောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးရန်နောင် (ပညာရေး) က ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များထုတ်ပေးခြင်းနှင့် ညီလာခံကိုယ်စားလှယ်များ တစ်ဦးချင်း လျှို့ဝှက်မဲစနစ်ဖြင့် မြို့နယ်များမှ ကိုယ်စားလှယ်များကဆန္ဒပြုကြသည်။ ယင်းနောက် စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ကြရာ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းရင်၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူး ဦးတင်ဝင်း (တင်ဝင်းလေး-ကြည့်မြင်တိုင်) နှင့် အလုပ်အမှုဆောင် ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

အာကာလင်း