Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသောနေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ချီးမြှင့်ငွေ၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်

လွိုင်ကော် ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာနက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆားပေးအပ်ခြင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသောနေအိမ်များအတွက် ချီးမြှင့်ငွေပေးအပ်ခြင်းနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ရခြင်းကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ရခြင်းကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

တွေ့ဆုံအားပေးစကား ပြောကြား

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် နေအိမ် ၂၅၁ လုံး ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် ၂၁၁ သန်းနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ ၁၆၆၁ ဦးနှင့် ယာယီနေရပ်စွန့်ခွာရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ ၃၃၄ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားများကို ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။

စားသောက်ဖွယ်ရာများပေးအပ်

ယင်းနောက် တိုက်ပွဲဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အအုံ ပြန်လည်ပြင်ဆင်ထားရှိမှု၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အခန်းနှင့်သင်တန်းခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးထားသည့်အခြေအနေနှင့် ဝန်ထမ်းများ နေရာချထားပေးမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ရိုးရာလက်ဆောင်များပေးအပ်

ညနေပိုင်းတွင် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်သည်တော်များအား ဂါရဝပြုအထိမ်းအမှတ် ရိုးရာလက်ဆောင်များ ပေးအပ်သည်။

ညစာစားပွဲတွင် ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် တူရိယာအဖွဲ့များ၊ ကယားကိုးမျိုးအကအဖွဲ့၊ ကယန်းရိုးရာ အကအဖွဲ့၊ ရှမ်းတိုင်းရင်းသူ၊ ပအိုဝ်းရိုးရာအကအဖွဲ့များက သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာတေးသီချင်းများဖြင့် ကပြသီဆိုကြပြီး ခေတ်ပေါ်တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကပြဖျော်ဖြေကြသည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၀ နှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ရာသီသီးနှံစံပြစိုက်ခင်း၌ ဆိုလာတပ်ဆင်၍ လေးလက်မ စက်ရေတွင်းဖြင့် ရေကိုအလေအလွင့်မရှိ ထိရောက်စွာအသုံးချနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် စံပြစိုက်ခင်းတွင် စိုက်ပျိုးထားရှိမှုအခြေအနေများကိုကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်ဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဘီလူးချောင်း အမှတ်(၂)စက်ရုံမှူးက ဓာတ်အားပေးစက်ရုံ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ မဟာဓာတ်အားလိုင်းမှူး (လွိုင်ကော်)က မဟာဓာတ်အားလိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိက စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်