Skip to main content

သောင်းကျန်းသူကိုအမြစ်ပြတ်ချေမှုန်း ပြည်သူများစိတ်ချမ်းသာစွာနေထိုင်နိုင်

“မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ် ကျော်လွန်ခဲ့ပြီဖြစ်၍ လက်နက်ကိုင်ပဋိပက္ခ မည်သည့်အကြောင်းကြောင့်ဖြစ်ပွားနေရသည်ကို ပြန်လည်ဆန်းစစ်ကြည့်ရန်လိုပါသည်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလ၌ အားနည်းချက်များကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်းကို သတိပြုသင့်ကြပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးစ၌ နိုင်ငံရေးပါတီများ၏ အာဏာလွန်ဆွဲမှုပြင်းထန်ခဲ့သည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာမှစ၍ လွတ်လပ်ရေး၏အနှစ်သာရကို မခံစားရတော့ဘဲ နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့သည်။ အလားတူနယ်ချဲ့ဗြိတိသျှ၏ သွေးခွဲအုပ်ချုပ်မှု ပယောဂကြောင့် အချို့တိုင်းရင်းသားများကလည်း အယူဝါဒအမျိုးမျိုးဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူအကြမ်းဖက်မှုများသည် ဒီမိုကရေစီဆောင်ရွက်နေသူများက မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာကို မမှန်ကန်သောနည်းလမ်းဖြင့် ရယူရေးလုပ်ဆောင်ခဲ့ကာ နိုင်ငံရေးကို ဒီမိုကရေစီနည်းလမ်းကျ ဥပဒေနှင့်အညီမဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခြင်းကြောင့်သာ လက်နက်ကိုင်ပဋိပက္ခများ အဆုံးမသတ်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်ပါသည်ဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက်ပြုလုပ်နေသည်။

ကိုလိုနီနယ်ချဲ့လက်သစ်တို့သည် မြန်မာနိုင်ငံအား ၎င်းတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကိုနှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံအာဏာရှင်စနစ် ကျင့်သုံးဖော်ဆောင်နေသည်ကို သတိပြုမိကြရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ဆန္ဒဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းသွားမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်နေ သည်။

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမှန်ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်သွားမည်ဟု သန္နိဋ္ဌာန်ချထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှုကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ကြီးပိုမိုတည်ငြိမ်အေးချမ်းကာ သာယာဝပြောစေရန်နှင့် စားရေရိက္ခာဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများ အားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ရည်မှန်းချက်သို့ရောက်ရှိရန် အဓိကကျသည့်အချက်မှာ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ လတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံအချို့၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်မှားပြီး ညီညွတ်မှုပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ဖျက်ဆီးနေသော လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ လျော့ပါးစေရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ပြည်သူအားလုံး ရှောင်ရှားကြမည်ဆိုပါက သောင်းကျန်းသူများ အမြစ်ပြတ်ချေမှုန်းရေးကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ပြီး နိုင်ငံတစ်ဝန်းအေးချမ်းသာယာဝပြောကာ ပြည်သူအားလုံး စိတ်ချမ်းသာစွာ ရပ်တည်နေထိုင်လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း။          ။