ရန်ကုန် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ Junior အဆင့် နှင့် ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတို့ကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ဥက္ကလာဂေါက်ကွင်း ၌လည်းကောင်း၊ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲတို့ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ငွေသော်တာဂေါက်ကွင်း၌လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့်ပြိုင်ပွဲတို့ကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း) ၌ လည်းကောင်းကျင်းပမည်ဖြစ်သည်။ Junior အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား ၁၂ နှစ်အောက်သက်တမ်း၊ ၁၄ နှစ်အောက်သက်တမ်း၊ ၁၈ နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး ၁၈ နှစ်အောက်သက်တမ်းများပါဝင်မည်ဖြစ်ပြီး ဝါသနာရှင်အဆင့်တွင် (အမျိုးသား)(H’cap 0-12) အဆင့်နှင့် (အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို R&A Rule Limited နှင့် USGA တို့၏ Rule of Golf 2023 ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲစာရင်းပေးသွင်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးမည်ဖြစ်သည်။
ကိုညီလေး