Skip to main content

တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဓမ္မာရုံ၌ မဟာပန်းလည်တိုင်စိုက်ထူခြင်းနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ မဟာပန်းလည်တိုင်စိုက်ထူခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂမဟာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စွန်းလွန်းဂူကမ္မဋ္ဌာန်း ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ပရိတ်ရေ ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် ပရိတ်ကျောက်များကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် ပရိတ်ကျောက်များကို စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း အရှေ့အရပ်မှစတင်၍ လက်ယာရစ်ပတ်ဖျန်းချည် နှောင်ကြကာပန်းလည်တိုင်အမှတ် (၁/၂) တို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က စေတီတော်မတည် အလှူငွေပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက်အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် မဟာပန်းလည်တိုင်အမှတ် (၁/၂) တို့ကို ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ကြပြီး အဆင့်ဆင့်ပင့်ဆောင်၍ စိုက်ထူတင်လှူကြကာ မဟာပန်းလည် တိုင်အားနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်