နေပြည်တော် ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်တက္ကသိုလ်ပင်မဆောင်ပြန်လည်ပြုပြင်ရန် လိုအပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ စာသင်ဆောင်၊ အိပ်ဆောင်၊ ဝန်ထမ်းဆောင်များ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်လိုက် ခွဲခြားဆောင်ရွက်နိုင်ရေးနှင့် တက္ကသိုလ်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သောပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူများနှင့်လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့်လည်းကောင်း၊ လွိုင်ကော်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်လည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားပြီး တက်ရောက်လာ သူများ၏လိုအပ်ချက် တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်