နေပြည်တော် ဇန်နဝါရီ ၁၅
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ကော်မတီအတွင်းရေးမှူး၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ သတင်းပို့အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ၌ အမျိုးသားအဆင့် မဟာဗျူဟာ၏ ရည်မှန်းချက်များပြည့်မီစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဟာဗျူဟာ (၅) ရပ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာဗျူဟာနယ်ပယ် (၃) အနေဖြင့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ သတင်းပို့အဖွဲ့အစည်းများအနေဖြင့် မဟာဗျူဟာပါ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်အချိန်ကာလအတွင်းပြီးမြောက်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတည်ဆဲဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ်လုပ်ငန်းစည်းမျဉ်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးကြည်က မဟာဗျူဟာနယ်ပယ် (၃) သတင်းပို့အဖွဲ့အစည်းများ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာအစီအစဉ်များကိုလည်းကောင်း၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်စိုးက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများက ဌာန၊ အဖွဲ့အစည်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်