နေပြည်တော် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဆည်ကန်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်က မီးရှို့ခဲ့ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအတုသတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းသိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကိုမလိုလားဘဲ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအား အနိုင်ကျင့်ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကိုအသုံးပြု၍ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။