နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဝန်ထမ်းများ ကျန်းမာရေးဆိုင်ရာ အသိပညာနှင့်ဗဟုသုတများ တိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေး အစီအစဉ်အရ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် သွားကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဟောပြောပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
ပြန်လည်ဖြေကြား
ဟောပြောပွဲတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” များကိုလည်း ကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက “Health and Physical Activities” ကိုလည်းကောင်း ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားကြသည်။
ထို့နောက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့် ဦးဆောင်သောအဖွဲ့နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ယာယီဆေးပေးခန်း၌ ဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုး တိုင်းတာ စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးကုသပေးခြင်းနှင့် သွားတိုက်နည်းစနစ် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်