Skip to main content

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်

မန္တလေး ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ၏ အထိမ်းအမှတ် Landmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်( Floral Fantasia 2024)သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

“ပြင်ဦးလွင်မြို့ကို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှုများသလို နေ့ထူးနေ့မြတ်ကာလ၊ အခါကြီးရက်ကြီးတွေမှာဆိုရင် အနယ်နယ်အရပ်ရပ်ကပြည်သူတွေပါ လာရောက်လည်ပတ်မှုများပါတယ်။ ပြင်ဦးလွင်မြို့မှာ သဘာဝအလှအပရှုခင်း တွေကိုကြည့်ရှုရင်း အေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်မယ့် နေရာတွေအများကြီးရှိပါတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် ( Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ သတ်မှတ်ထားရာကနေ ဇန်နဝါရီ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးထားပါတယ်”ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ခံအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ပြောသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၀ မှ ၂၅ မျိုး၊ ဒေသပန်းမျိုးစိတ် ၁၅ မျိုးမှ မျိုး ၂၀ စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်းပါရှိကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)