နေပြည်တော် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာအတုများအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်အတုများ ရောင်းချသူတောင်ကြီးမြို့နယ် အေးသာယာမြို့သစ်အမှတ်(၄)ရပ်ကွက်နေ မမေသူခိုင်(၃၄)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီ ၈ ရက်နံနက် ၁၁ နာရီတွင် အမှတ်(၄)ရပ်ကွက် ဗိုလ်တေဇလမ်းပေါ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုသုံးခုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်း (ပ) ၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ တရားခံမေသူခိုင်ထံသို့ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပို့ဆောင်ပေးသူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၁၉)ရပ်ကွက်နေ ဖြူသွယ်ထွေး(၂၂)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရန်ကုန် - ညောင်တုန်းလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုများအား ပွဲစားလုပ်ကိုင်သူ ဖမ်းဆီးရန်ကျန် တရားခံတက်ပု(စိစစ်ဆဲ)ထံသို့ ဖုန်းဖြင့်ချိတ်ဆက်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးရန်ကျန်တရားခံတက်ပု (စိစစ်ဆဲ) မှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်အတု လာရောက်ပို့ဆောင်သူ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၉) ရပ်ကွက်နေ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဟန်မြင့်ဇော် (ခ) ပြောင်လေး(၄၄)နှစ် (ဘ)ဦးအောင်ခင်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၅)ရပ်ကွက် ကျန်စစ်သားလမ်း၌ နိုင်ငံသားစိစစ်ရေးကတ်အတု တစ်ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဟန်မြင့်ဇော် (ခ) ပြောင်လေးအား စစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန်တရားခံ တက်ပု(စိစစ်ဆဲ)၏ ချိတ်ဆက်ပေးမှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်နေ ဇင်လင်း(ခ)လင်းလင်း (၄၀)နှစ်(ဘ)ဦးဝင်းအေးမှ ပြုလုပ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ တရားခံဇင်လင်း(ခ) လင်းလင်းအား ယင်းနေ့မွန်းလွဲပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်အလွတ် အခု ၁၀၀၊ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်ရာတွင် အသုံးပြုသည့် Deli တံဆိပ်ပါ Automatic Numbering Machine တစ်ခု၊ အမည်နှင့်ဓာတ်ပုံများပါ နိုင်ငံသားစိစစ်ရေးကတ်အတု ရှစ်ခု၊ အသားတံဆိပ်တုံးရိုက်နှိပ်သည့် တံဆိပ်တုံးတစ်ခု၊ လေဆာတံဆိပ်တုံးမျိုးစုံ ၁၄ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်(အလွတ်) အခု ၂၅၀၀၊ Horse တံဆိပ်ပါ မှင်ခံဘူးနှစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဇင်လင်း (ခ) လင်းလင်းအား စစ်ဆေးချက်အရ ဇန်နဝါရီ ၉ ရက် ညနေပိုင်းတွင် ၎င်းနှင့်ဆက်သွယ်၍ နိုင်ငံသားစိစစ်ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်ကတ်နှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား တစ်ဆင့်ရောင်းချပေးသူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အမှတ်(၈)ရပ်ကွက်နေ မြင့်မြတ်ကြည်(ခ)ဝတုတ်(၄၀)နှစ် (ဘ)ဦးကြီးမြင့်၊ တစ်ရပ်ကွက်တည်းနေ စန္ဒာဦး (၄၄)နှစ် (ဘ) ဦးတင်လှနှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ် (၁၉)ရပ်ကွက်နေ စိုးမင်းဦး(ခ) ကတုံး(၃၂)နှစ်(ဘ)ဦးဝင်းကြည်တို့ သုံးဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း၊ ရပ်ကွက်/ရဲစခန်းထောက်ခံစာ ပုံစံအတု(အလွတ်)များအား မိတ္တူကူးယူရောင်းချသူ စန်းမော်လွင်(၂၉)နှစ် (ဘ) ဦးဝင်းအောင်အား ရဲစခန်းထောက်ခံစာမျိုးစုံအတု (အလွတ်)အရွက် ၂၅၀၀၊ ရပ်ကွက်ထောက်ခံစာမျိုးစုံအတု (အလွတ်) အရွက် ၈၀၊ Acer အမျိုး အစား ကွန်ပျူတာတစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Printer နှစ်လုံး၊ Scanner တစ်လုံးတို့နှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ မိုးသောက်ပန်းမိတ္တူဆိုင်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အမှုမှ ဖမ်းဆီးရမိတရားခံ စိုးမင်းဦး(ခ)ကတုံး၏ ထွက်ဆိုချက်အရယင်းနေ့ညပိုင်းတွင် နိုင်ငံ သားစိစစ်ရေးကတ်အတုများ တစ်ဆင့်ပြန်လည်ရောင်းချရန်စေခိုင်းသူ ဖမ်းဆီးရန်ကျန် တရားခံပြေသိန်းထိုက်(စိစစ်ဆဲ)နေထိုင်သည့် ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ ပြေသိန်းထိုက်အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ မိုးမိုး(၄၈)နှစ်(ဘ) ဦးကျော်ရွှေအား နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံးမျိုးစုံ အခု ၂၅၀၊ အသားတံဆိပ်ရိုက်နှိက်သည့် တံဆိပ်တုံးတစ်ခုတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇင်လင်း(ခ)လင်းလင်းပါ တရားခံကိုးဦးတို့၏ ထွက်ဆိုချက်များအရ နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမား မှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား ဇင်လင်း(ခ)လင်းလင်း၊ ထန်းတပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန်တရားခံ ကုလားကြီး(ခ)ဂျင်မီသောင်း(စိစစ်ဆဲ)နှင့် ပြေသိန်းထိုက်(စိစစ်ဆဲ)တို့မှ ပြုလုပ်ပေးခဲ့ပြီး ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန်တရားခံ တက်ပု(စိစစ်ဆဲ)နှင့်ချိတ်ဆက်၍ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အလုပ်သမားမှတ်ပုံတင် အတုများအား တစ်ကတ်လျှင် ငွေကျပ် ၃၀၀၀၀ ဖြင့် တစ်ဆင့်ရောင်းချပေးခဲ့ရာ ကျန်တရားခံများမှ ဝယ်ယူသူများသို့ ပို့ဆောင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမား မှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ဖမ်းဆီးရမိတရားခံ ဇင်လင်း(ခ) လင်းလင်းပါ ကိုးဦးတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်