Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော Myanmar – Belarus Business Forum သို့ တက်ရောက်အားပေး

ရန်ကုန် ဇန်နဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည့် Myanmar – Belarus Business Forum သို့ တက်ရောက်အားပေးသည်။

အဆိုပါဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောက နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အပြန်အလှန်ထူထောင်၍ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အထူးစီးပွားရေးဇုန်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် နှစ်နိုင်ငံအစိုးရများအနေဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ယခုခရီးစဉ်တွင် ဘယ်လာရုစ်စီးပွားရေးလုပ်ငန်းရှင်များလည်းအတူ လိုက်ပါလာကြကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုတွေ့ဆုံပွဲမှတစ်ဆင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှုရယူ၍ မကြာမီကာလအတွင်း လုပ်ငန်းများစတင်နိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက်နှစ်နိုင်ငံအကြား မြန်မာ့ထွက်ကုန်များမှ Export ဆောင်ရွက်မည့်ကိစ္စရပ်များ၊ စီးပွားရေး အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံတာဝန်ရှိသူများက ဓာတ်မြေဩဇာကဏ္ဍ၊ ကားထုတ်လုပ်ရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးဆိုင်ရာကဏ္ဍနှင့် ရေထွက်ပစ္စည်းထုတ်ကုန်ဆိုင်ရာကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ဖိုရမ်အပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ် ပေးအပ်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်၍ စီးပွားရေးချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

ယနေ့ကျင်းပသည့် Myanmar– Belarus Business Forum တွင် ဓာတ်မြေဩဇာလုပ်ငန်း၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါးထုတ်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းနှင့် စားသောက်ကုန်ဆိုင်ရာ ကဏ္ဍများကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်