Skip to main content

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၀

ပညာရေးဆိုင်ရာ အသုံးချသုတေသနနိုင်ငံတကာ ညီလာခံ(၂၀၂၅)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်‌ ‌ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ စာတမ်းဖတ်ပွဲ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါညီလာခံကို ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်ကိုညွှန်ပြခြင်းဟူသောဦးတည်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် စာတမ်းဖတ်ပွဲများကို အုပ်စု(၆)စု၊ အခန်း(၇)ခန်းခွဲ၍ ဆက်လက်ကျင်းပသည်။

Parallel Session 1 တွင် ဆရာအတတ်ပညာရေး ဆိုင်ရာစာတမ်းများ၊ Parallel Session 2 တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်စာတမ်းများ၊ Parallel Session 3 နှင့် 4 တို့တွင် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ စာတမ်းများ၊ Parallel Session 5 တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ စာတမ်းများ၊ Parallel Session 6 တွင် ဘာသာစကားအရင်းအမြစ်နှင့် ဉာဏ်ရည်တုနည်းပညာ ဆိုင်ရာစာတမ်းများ၊ Parallel Session 7 တွင် မျိုးဆက်သစ်လူငယ်များ၏ ပညာရပ်ဆိုင်ရာပါရဂူ စာတမ်းများကို စာတမ်းရှင်များက ဖတ်ကြားကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် Parallel Session အလိုက် သုတေသနစာတမ်းများဖတ်ကြားဆွေးနွေးမှု အနှစ်ချုပ်ကို ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ‌ဒေါက်တာတင်ထွန်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေအောင်နှင့် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်တို့က ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုး‌ဇော်ထွန်းက သိပ္ပံနှင့်နည်းပညာ စွမ်းပကားများဖြင့် နောင်လာနောက်သားမျိုးဆက်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် လူမှုစီးပွားဘဝနှင့်အတူ ပိုမိုတောက်ပသည့်အနာဂတ်ကို လက်ဆင့်ကမ်းပေးပြီး နိုင်ငံအကျိုး ဒေသအကျိုး သယ်ပိုးထမ်းရွက်ကြစေလိုပါကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်