မကွေး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းတွင် မကွေးမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျုတာတက္ကသိုလ်(မကွေး)မှ ပါမောက္ခချုပ်များနှင့် ဆရာဆရာမများ၊ ဘုရားစေတီအသီးသီးမှ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ပူးပေါင်းဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများတွင် Touch Screen များထားရှိ၍ ဘုရားသမိုင်းကြောင်းနှင့် ဘုရားနှင့်သက်ဆိုင်သော အချက်အလက်များအား ဓာတ်ပုံမှတ်တမ်း၊ Virtual Tour များဖန်တီး၍ ပြသသွားရန်နှင့် Pagoda Digital Directory တွင်လည်း မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဘုရားစေတီများအား ထည့်သွင်းရန်အတွက်ကိုလည်း ကွန်ပျူတာတက္ကသိုလ် (မကွေး) နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများ၏ ဂေါပကများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများ၏ အချက်အလက်များအား Pagoda Digital Directory တွင် ထည့်သွင်းနိုင်ရေး ကွန်ပျူတာတက္ကသိုလ် (မကွေး) နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေမီဉာဏ်ဝင်းက ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကွန်ပျုတာတက္ကသိုလ် (မကွေး) ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းက မြသလွန်စေတီတော်ကြီးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသော ဂေါပကအဖွဲ့များက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာစာမူဖြင့် အဋ္ဌကထာ စာအုပ်ပြုစုရေးလုပ်ငန်းအတွက် အလှူငွေများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူသည်။
မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများမှ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားကို မင်းဘူးမြို့ သာသနာ့ဗိမာန်တော် ကြီး၌ကျင်းပရာ မြို့နယ်ဩဝါဒါ စရိယနှင့်စက္ကိန်းတဲဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မင်းဘူးမြို့ ရွှေတွင်းကုန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တသာသန၊ မင်းဘူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနဝေပုလ္လ မှန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပုညအမှူးရှိသော ဆရာတော်များ ကြွရောက်ချီးမြှင့်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
နာယူကြည်ညို
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မြို့နယ်ဩဝါဒါစရိယ ရွှေတွင်းကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူကြ ပြီး ဆရာတော်ကြီးများ ရွတ်ဖတ် သရဇ္ဈာယ်တော်မူသော မေတ္တသုတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ရွှေတွင်းကုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနနှင့် သာသနဝေပုလ္လ မှန်ကင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပုညတို့က သြဝါဒစကားမိန့်ကြားကြသည်။
ယင်းနောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ပြီး ရေစက်ချအနု မောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် မင်းဘူးမြို့ နှစ်ထပ် သာသနာ့ ဗိမာန်တော်ကြီးကို လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် မကွေးမြို့မြသလွန်စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်