နေပြည်တော် ဇန်နဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်ရည်ရွယ်၍ လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့သည် ရွေ့လျားဆေးကုသယာဉ်ဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများထံသွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ လူမှုဖူလုံရေးအဖွဲ့သည် နေပြည်တော်ကောင်စီအတွင်းရှိ အကျုံးဝင်ဌာနများသို့ ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Boun-phieng CHANTHAVONG အား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လာအိုနိုင်ငံရှိ အထောက်အထားမဲ့မြန်မာနိုင်ငံသားများကို နှစ်နိုင်ငံဝန်ကြီးဌာန အချင်းချင်းပူးပေါင်း၍ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို e-ID စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးနိုင်ရေး၊ OWIC ကတ်ပြားထုတ်ပေးရေး၊ ဝန်ကြီးဌာနအနေဖြင့် အလုပ် အကိုင် ဖန်တီးပေးမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံအနေဖြင့် ILO ၏ စံချိန်စံညွှန်းများနှင့်အညီ Con-vention-87 ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများအပြည့်အဝရရှိရေး နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၁ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် လာအိုနိုင်ငံအလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်