မြစ်ကြီးနား ဇန်နဝါရီ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း / အမှုထမ်းများနှင့် ဇန်နဝါရီ ၈ ရက်က မြစ်ကြီးနားလူထုအခြေပြုဗဟို ဌာန(Community Centre)၌ တွေ့ဆုံသည်။
ဦးစွာ မြစ်ကြီးနားလူထုအခြေပြုဗဟိုဌာနရှိ ဌာနေတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ကလေးစာဖတ်ခန်းအတွင်း ကလေးဖတ်စာအုပ်/ စာစောင်များ စုဆောင်းပြသ၊ ငှားရမ်းနိုင်မှု၊ ဒုတိယထပ်ရှိ ပြည်သူ့စာကြည့်တိုက်အတွင်း သုတ / ရသစာအုပ်စာစောင်များ စင်ဖွင့်စနစ်ဖြင့် စာငှားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနိုင်မှု၊ စာအုပ်/ စာစောင်များဝယ်ယူလက်ခံရရှိမှု၊ တတိယထပ်ရှိ ဘက်စုံသုံးခန်းမ၌ ဒေသခံများအတွက် သင်တန်းများဖွင့်လှစ်သင်ကြားနိုင်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာငှားဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် ပြည်သူများ အသိပညာကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများ အရာထမ်း / အမှုထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက် (မြစ်ကြီးနား) မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့မိမိတို့နိုင်ငံ၏ အခြေအနေမှန်ကိုသိရှိနားလည်ပြီး ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ နိုင်ငံသားအားလုံးက ညီအစ်ကိုမောင်နှမများဖြစ်ကြသည်ကို နားလည်ထားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိပြီး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ရိုင်းပင်း ကူညီကြရမည်ဖြစ်ပါကြောင်း၊ မီဒီယာ၏သဘောသဘာဝကိုနားလည်ပြီး မိမိကိုယ်တိုင်က သတင်းမှန်ကိုသိရှိရန်လိုအပ်ပါကြောင်း၊ သတင်းမှန်များ ပြည်သူသို့မှန်မှန်နှင့်မြန်မြန်ချပြနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နိုင်သည်များကို အကောင်းဆုံးနှင့် အတတ်နိုင်ဆုံးအလေးအနက်ထား ကြိုးစားကြရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဝန်ထမ်းများ၏နေထိုင်စားသောက်မှုဆိုင်ရာအခက်အခဲများ၊ လိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီးနား) ၌ စက်ရုံဝင်းအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရေဒီယိုအစီအစဉ်နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ထပ်ဆင့်ထုတ်လွှင့်လျက်ရှိသည့်အခြေအနေ၊ ပြည်နယ်အတွင်း ရုပ်မြင်သံကြားနှင့်ရေဒီယိုလွှမ်းခြုံထုတ်လွှင့်ပေးနိုင်သည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်များမှ တွဲဖက်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များနှင့် အခက်အခဲများကို မေးမြန်းဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်နယ် (ပြန်/ဆက်)