နေပြည်တော် ဇန်နဝါရီ ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Maxim RYZHENKOV တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး ဘယ်လာရုစ်စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် ဘယ်လာရုစ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၂၅) နှစ် ပြည့်မြောက်ခဲ့သည့် အခါသမယ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များတွင် အောင်မြင်မှုများရရှိခဲ့သည့်အခြေအနေ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ပညာရေးနှင့်ကာကွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရေး၊ မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာသွားရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်