နေပြည်တော် ဇန်နဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာရည်ရွယ်သည့် စာလွှာလက်မှတ်ရေးထိုးရေးကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍ၊ တန်ဖိုးမြှင့်လူသုံးကုန်၊ စားကုန်ထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စက်မှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေး ကဏ္ဍနှင့်ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်း ထုတ်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးမူဝါဒများကျင့်သုံးရာတွင် နှစ်ဖက်အပြန်အလှန်အကျိုးရှိသော ကုန်သွယ်၊ စီးပွားမူဝါဒများကို ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ သဘာဝဓာတ်ငွေ့မှ ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများထုတ်လုပ်ရာတွင် လူသုံးဆေးဝါးအပြင် တိရစ္ဆာန်ကုသရေးဆိုင်ရာဆေးဝါးများ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ အစည်းအဝေးကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် နည်းပညာများ လွှဲပြောင်းနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာရည်ရွယ်သည့်စာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာဒမစ်ထရီမီရွန်ချစ်ခ်တို့က လက်မှတ်တို (Initial)ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်