Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲအား ရိုးရာအစဉ်အလာနှင့်အညီ စုပေါင်းဆင်နွှဲ၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနှင့် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) အဆောက်အအုံသစ်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇန်နဝါရီ ၉

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါစခန်းနေရာ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး မုခ်ဦးကိုဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အပန်းဖြေစခန်းအတွင်းရှိ ကျောက်လုံးရင်ပြင်၊ ရိုးရာတဲအိမ်အဆောက်အအုံများ၊ ဝါးတံတား၊ ပန်းခင်းများဖြင့် ပုံဖော်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလေ့ကျင့်ခန်း စုပေါင်းဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ လေးများ၏ရိုးရာတေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြကာ ချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ စီတာပူမနောကွင်းအတွင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့ဝင်များသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး မနောပွဲတော်အခမ်းအနားကို ရိုးရာအစဉ်အလာနှင့်အညီ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စုခြောက်မျိုး၊ ရှမ်းမျိုးနွယ်စုငါးမျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက မနောအက ဦးဆောင်သူနောင်ရှောင် (Nau Shawng) များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော်ပြသသည့်မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါး စုပေါင်းဆင်နွှဲကြသည်။

ယင်းနောက် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြသထားသည့် ဒေသထွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ အသုံးအဆောင်နှင့် အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည် ထုတ်ကုန်များ၊ ဝါးနှင့်ကြိမ်ထည် အသုံးအဆောင်ပစ္စည်းထုတ်ကုန်ပြခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းနှင့် ပညာရေးပြခန်းတို့ကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များက ဟင်းရွက်ပြိုင်ပွဲ၊ အသီးနှင့် အသီးပါအပင်ပြိုင်ပွဲ၊ ဥယျာဉ်ခြံသီးနှံပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက် အဆောင်သစ်ပထမအဆင့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။

ဦးစွာ ပြတိုက်အဆောက်အအုံသစ်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အဆောက်အအုံသစ် တိုးချဲ့တည်ဆောက်ခြင်းနှင့်ပြခန်း၊ ပြကွက်များထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ပြတိုက်ပထမအဆင့်တွင် ခင်းကျင်းပြသထားသည့် ကချင်ပြည်နယ် မိတ်ဆက်ပြခန်း၊ Digital Museum ပြကွက် များကိုလည်းကောင်း ရှင်းလင်း ပြသပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ယဉ်ကျေးမှုပြတိုက် တိုးချဲ့အဆောက်အအုံသစ်သည် အလျားပေ ၆၀ ၊ အနံပေ ၁၂၀၊ အမြင့် ၃၂ ပေရှိ RC နှစ်ထပ် အဆောက်အအုံဖြစ်ပြီး ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်သန်း ၉၉၄ ဒသမ ၈၈၀ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ရောက်ရှိလာကြသည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရင်းနှီးပျူငှာစွာကြိုဆိုခဲ့ကြသည်။

ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များအား ကချင်ရိုးရာအင်္ကျီ၊ ရိုးရာဆောင်ဓား၊ ရိုးရာလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)