Skip to main content

အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေ လွှမ်းခြုံမှုနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသက်ခြောက်လမှ ရှစ်နှစ် အရွယ်အထိ ၃၅ ဒသမ ၂၄ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် အသက်သုံးနှစ်မှ ငါးနှစ်အထိ ၂၂ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး အသက်ခြောက်နှစ်မှ ရှစ်နှစ်အထိ ၈၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မြို့နယ်တစ်မြို့နယ်တွင် စံပြမူလတန်းကြိုကျောင်းတစ်ကျောင်းရှိရန်လိုအပ်သောကြောင့် ဆောက်လုပ်ရန်စီမံကိန်းကို ထည့်သွင်းရေးဆွဲထားကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟို ကြီးကြပ်ရေးအဖွဲ့၏ “ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ”ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် ကောက်ခံရမည့် အခကြေးငွေများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်း ထုတ်ပြန်ထားပြီးဖြစ်သည့် ဘဏ္ဍာရေးလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များက ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများကိုယ်စား လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်