Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) စာအုပ်မိတ်ဆက်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) မိတ်ဆက်ပွဲနှင့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်  (၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ပထမဆုံးမဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉)ကို တရားဥပဒေစိုးမိုးရေးဆီသို့ “Moving Forward to the Rule of Law” ဟူသည့် ဆောင်ပုဒ် ဖြင့်လည်းကောင်း၊ ဒုတိယမြောက်မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု “Providing Legal Services for Justice” ဟူသည့် ဆောင်ပုဒ်ဖြင့်လည်းကောင်း ချမှတ်ဆောင်ရွက်ခဲ့ရာ စီမံကိန်းများအောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် တတိယမြောက်မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ်ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာအစီအစဉ် ၆၃ ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅) ဖွင့်ပွဲနှင့်စပ်လျဉ်း၍ ယခုသင်တန်းကို ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများက ဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာကိစ္စရပ်များအပြင် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို ထည့်သွင်းပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက် အောင်မြင်သည့် သင်တန်းသားများကို ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းလက်မှတ် (Certificate of Legal Advocacy-CLA) ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး ယင်းလက်မှတ်သည် ပညာအရည်အချင်းတွင် ထည့်သွင်းဖော်ပြနိုင်သည့် အသိအမှတ်ပြုလက်မှတ် တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယပါမောက္ခချုပ်အဆင့်ရှိ သင်တန်းသား ၂၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ မတ် ၂၈ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်