နေပြည်တော် ဇန်နဝါရီ ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် TTTC (ဘယ်လင်း) နှင့် အင်းစိန် GTI တို့၌ ယနေ့ကျင်းပသော EV သင်တန်းဖွင့်ပွဲ အခမ်းအနားများကို တက်ရောက်၍ နိုင်ငံတော်ရှိ ယာဉ်များမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှုမှသည် ပြည်သူများအတွက် Sustainable Future ကို တည်ထောင်နိုင်ရန်အတွက် ဦးဆောင်ကော်မတီက EV ကဏ္ဍ ဖွံ့ဖြိုးရေးမူဝါဒများကို ၂၀၅၀ ပြည့်နှစ်အထိ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က အားထားရသော အရည်အသွေးပြည့်မီသည့် EV နည်းပညာရှင်များဖြစ်စေရေး မဆုတ်မနစ်ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
နံနက်ပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC ဘယ်လင်းတွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။ ယင်းသင်တန်းသို့ အစိုးရဌာနဆိုင်ရာများမှ သင်တန်းသားလေးဦး၊ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၅ ဦး စုစုပေါင်း ၁၉ ဦး တက်ရောက်ကြ ပြီး EV အဆင့်မြင့်သင်ထောက်ကူပစ္စည်းများကို Electude Digital Learning Management System နှင့် တွဲဖက်ပြီး သင်တန်းကာလသုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်း၊ သင်တန်းချိန် နာရီ ၉၀ ဖြစ်သည်။
တက်ရောက်
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပသည့် ကားဝပ်ရှော့များမှ စက်ပြင်ဆရာအတွက် ဖွင့်လှစ်သော EV နည်းပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မီးသတ်ဦးစီးဌာနအပါအဝင်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းသို့ အစိုးရဌာနများမှ သင်တန်းသား ၁၆ ဦး၊ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၈ ဦး စုစုပေါင်း သင်တန်းသား ၃၄ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလ ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းဖြင့် စုစုပေါင်းသင်တန်းချိန် နာရီ ၃၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်