မန္တလေး ဇန်နဝါရီ ၆
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တာရှည်အထားခံနိုင်ရန် ပြုပြင်မွမ်းမံခြင်းနည်းပညာ ဝန်ထမ်းငါးရက်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘိုရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ သင်တန်းသူ သင်တန်းသား ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို လေလွင့်ဆုံးရှုံးမှုနှင့် အရည်အသွေးများ ပျက်စီးမှုလျော့နည်းစေရန် ကြာရှည်ခံအောင် စိုက်ပျိုးရိတ်သိမ်းပြီးနောက်ပိုင်း ထုတ်ကုန်များ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း နည်းပညာများနှင့် နည်းစနစ်များ လိုအပ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများအား အမှန်တကယ်အသုံးပြုနိုင်အောင် အသေအချာလေ့လာမှတ်သားကာ လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကာ ထိရောက်စွာအသုံးချနိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းတွင် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်း ၊ ဧရာဝတီ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်း ၃၀ အား သင်တန်းပို့ချနေမှုများနှင့် သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်